Foods with the highest levels of toxicity

အဆိပ်အတောက်ဖြစ်စေနိုင်မှု အမြင့်မားဆုံး အစားအစာများ 

မှိုများ (Mushrooms)

မှိုတိုင်းကတော့ အဆိပ်အတောက် မဖြစ်ပေမယ့် မှိုဟာ အဆိပ်အတောက် ဖြစ်ပွားနိုင်မှု များပြားတဲ့ အစားအစာ ဖြစ်ပါတယ်။ မှိုမှာ စားကောင်းတဲ့ မှိုနဲ့ မစားကောင်းတဲ့ မှို(အဆိပ်ရှိမှို) ဆိုပြီး ရှိပါတယ်။ အဲဒီ့ နှစ်ခုကို ခွဲခြားနိုင်တဲ့ လက္ခဏာရပ်တွေ ရှိပေမယ့်အမျိုးအမည် မသိတဲ့ မှိုတွေကိုတော့ မစားတာ အကောင်းဆုံးပါပဲ။ အကြမ်းအားဖြင့် အဆိပ်ရှိတဲ့မှိုနဲ့ အဆိပ်မရှိတဲ့မှို (စားလို့ရတဲ့ မှို) ခွဲခြားနည်း ကတော့ အဆိပ်မရှိတဲ့မှိုဟာ မှိုရဲ့ထိပ်ဖက်(Cap)ဟာ ပြားရပါမယ်။ မှိုရဲ့ရိုးတန်မှာ(Bumps) လို့ ခေါ်တဲ့ မှိုရိုးတံရဲ့ခြေစွပ်(ကွင်းစွပ်) မပါရှိရပါဘူး။

ငါးပူတင်း (Pufferfish)

ငါးပူတင်းဟာ အဆိပ်အတောက် အလွန်ဖြစ်စေတဲ့အတွက် ဂျပန်မှာ ဆိုရင် ငါးပူတင်းကို ချက်ပြုတ်မယ့် စားဖိုမှူးတွေကို အထူး လေ့ကျင့်ပေးထားပြီး ငါးပူတင်းချက်ပြုတ်နိုင်တဲ့ အသိအမှတ်ပြု လက်မှတ် (Certificate) ထုတ်မပေးခင်မှာ ကျွမ်းကျင်မှုကို စစ်ဆေးပြီးမှ ထုတ်ပေးပါတယ်။ လေ့ကျင့်တဲ့ ကာလဟာ ၂နှစ်၊၃နှစ် ကြာပါတယ်။ စစ်ဆေးမှုကို အောင်မြင်ဖို့ ချက်ပြုတ်သူဟာ ငါးပူတင်းကို ဘယ်အစိတ်အပိုင်းကို ဘယ်လိုလှီးပြီး ဖယ်ထုတ်ရမယ်ဆိုတာကို ရေးဖြေဖြေရပါတယ်။

ပြီးရင် လက်တွေ့ဖြေဆိုမှုအနေနဲ့ ငါးပူတင်းကို ကိုယ်တိုင်လှီးဖြတ် ချက်ပြုတ်ပြီး ကိုယ်တိုင်စားသောက်ရပါတယ်။ ဖြေဆိုသူတွေရဲ့ ၃၀ရာခိုင်နှုန်းသာ အောင်မြင်ပါတယ်။ငါးပူတင်းဟာ Golden Poison Frog ဆိုတဲ့ ဖားတစ်မျိုးပြီးလျှင် ကမ္ဘာပေါ်မှာ ဒုတိယမြောက် အဆိပ်သင့်နိုင်ဆုံး ကျောရိုးရှိသတ္တဝါဖြစ်ပြီး ဂျပန်နိုင်ငံမှာ တစ်ခုတည်းသော တားမြစ်ထိန်းချုပ်ထားသော အစားအစာ ဖြစ်ပါတယ်။

(Foods with the highest levels of toxicity )အဆိပ်အတောက်ဖြစ်စေနိုင်မှု အမြင့်မားဆုံး အစားအစာများဖြစ်တဲ့ (မှိုများ(Mushrooms),ငါးပူတင်း (Pufferfish),ဘယ်ရီးသီးတစ်မျိုး (Elderberry), ကြက်ဆူဆီ (Castor Oil), ဗာဒံစေ့ (Almonds), ချယ်ရီသီး (Cherries), ပန်းသီး (Apples), အာလူး (Potatoes))တို့ကဘယ်လိုတွေအဆိပ်အတောက်ဖြစ်နိုင်သလဲဆိုတာကို မျှ‌ဝေပေးလိုက်ပါတယ်။

ဘယ်ရီးသီးတစ်မျိုး (Elderberry)

Elderberry လို့ခေါ်တဲ့ ဘယ်ရီသီးတစ်မျိုးဟာ အလွန်ဆွဲဆောင်မှုရှိပြီး အသီးက အတန်ငယ်ကြီးပါတယ်။ ပန်းခိုင်ဟာ အလွန်မွှေးတဲ့ အနံ့ရှိပြီး သေးငယ်တဲ့ ပန်းပွင့်လေးပေါင်းမြောက်များစွာနဲ့ ဖွဲ့စည်းထားပါတယ်။ Elderberry ပန်းပွင့်ကို ဆိုဒါနဲ့ ရောသောက်ရာ ဖျော်ရည်၊ အချိုရည်တွေထဲမှာ ထည့်သွင်း အသုံးပြုပါတယ်။ တစ်ခါတစ်ရံ အပွင့်ကို ကြော်ပြီးလည်း စားလေ့ရှိပါတယ်။

ဒါပေမယ့် Elderberry ရဲ့ အသုံးဝင်မှုတွေရဲ့ နောက်ကွယ်မှာ အန္တရာယ်တွေလည်း ရှိနေပါတယ်။ Elderberry ရဲ့ အမြစ်နဲ့ အချို့အစိတ်အပိုင်းတွေဟာ အဆိပ်ရှိပြီး ပြင်းထန်တဲ့ ဝမ်းဗိုက်ပိုင်းဆိုင်ရာ ပြဿနာတွေကို ပေးနိုင်ပါတယ်။ ဒါကြောင့် Elderberry ပင်ရဲ့ အပွင့်ကို ဆွတ်ခူးပြီး စားမယ်ဆိုရင် အပွင့်ကလွဲပြီး အပင်ရဲ့ အခြားအစိတ်အပိုင်းတွေကို မစားမိဖို့ သတိပြုရပါမယ်။

ကြက်ဆူဆီ (Castor Oil)

ကြက်ဆူဆီကို ချောကလက်၊သကြားလုံးနဲ့ အခြားအစားအစာတွေမှာ ထည့်သွင်း အသုံးပြုလေ့ရှိပါတယ်။ ဒါ့အပြင် ဝမ်းပျော့ပျော့ သွားအောင်လည်း ကြက်ဆူဆီ နည်းနည်းသောက်လေ့ရှိကြတယ်။ ကျွန်ုပ်တို့ အသုံးပြုနေတဲ့ ကြက်ဆူဆီဟာ စနစ်တကျ သန့်စင်ထုတ်လုပ် ထားတာဖြစ်လို့ ဘေးကင်းပေမယ့် ကြက်ဆူစေ့ကတော့ စားမိရင် သေစေနိုင်ပါတယ်။ လူတစ်ယောက်ဟာ ကြက်ဆူစေ့ တစ်စေ့စားမိရင် သေနိုင်ပြီး မြင်းဆိုလျှင် လေးစေ့စားမိလျှင် သေနိုင်ပါတယ်။

ကြက်ဆူစေ့မှာ ပါဝင်တဲ့ အဆိပ်ကတော့ ricin ဆိုတဲ့ ပရိုတင်းတစ်မျိုးဖြစ်ပြီး ၎င်းကို ကြက်ဆူစေ့မှ ထုတ်ယူကာ ဇီဝလက်နက် (bioweapon) အဖြစ် အသုံးပြုတာလည်းရှိကြောင်း သိရပါတယ်။ ကြက်ဆူစေ့ခူးယူတဲ့ လုပ်သားတွေက ကြက်ဆူစေ့ကို စားမိပြီး မတော်တဆသေဆုံးခြင်းမှ ရှောင်ရှားဖို့ တင်းကျပ်တဲ့ လမ်းညွှန်ချက်တွေ ချမှတ်ထားရပါတယ်။ အဲဒီလို လုပ်တာတောင်မှ ကြက်ဆူစေ့ စိုက်ခင်းတွေမှာ ခူးဆွတ်တဲ့လုပ်သားတွေဟာ ကြက်ဆူစေ့ရဲ့ ဘေးထွက်ဆိုးကျိုးတွေကို မတော်တဆခံစားရတဲ့ ဖြစ်ရပ်တွေ ကြုံတွေ့နေရဆဲ ဖြစ်ပါတယ်။

ဗာဒံစေ့ (Almonds)

Almonds လို့ခေါ်တဲ့ ဗာဒံစေ့နဲ့ ဆင်တူတဲ့အစေ့ အဆန်ကို ပုံကိုမြင်ရင်တော့ လူတိုင်းသိကြမှာပါ။ ချောကလက်တွေ၊ ဘီစကစ်တွေရဲ့ ထုတ်ပိုးခွံတွေမှာ Almonds စေ့တွေရဲ့ ပုံလေးတွေကို ဖေါ်ပြထားလေ့ ရှိတာကြောင့်ပါ။ Almonds မှာ အခါးနဲ့ အချို (bitter almonds နဲ့ sweet almonds) ဆိုပြီး ၂မျိုး ရှိပါတယ်။ Almonds စေ့ဟာ သူရဲ့ထူးခြားတဲ့ အနံ့အရသာနဲ့ တာရှည်အထားခံမှု စတဲ့ အရည်အသွေးတွေကြောင့် အခြားအစေ့ အဆန်တွေထက် ပိုပြီး မုန့်ဖုတ်လုပ်ငန်းတွေမှာ ရေပန်းစားပါတယ်။ ပြဿနာကတော့ Almonds စေ့ဟာ ဆိုင်ယာနိုက် (Cyanide) ဆိုတဲ့ အဆိပ်နဲ့ ပြည့်နှက်နေပြီး အသုံးမပြုခင်မှာ ဆိုင်ယာနိုက်ကို ဖယ်ထုတ်ပစ်ရပါတယ်။

ဒါကြောင့်မို့ အချို့တိုင်းပြည်တွေ (ဥပမာ – နယူးဇီလန်နိုင်ငံ)မှာ bitter almonds ရောင်းဝယ်မှုဟာ တရားမဝင် ရောင်းဝယ်မှုဖြစ်တယ်။ အပူပေးခြင်းအားဖြင့် Almonds စေ့ထဲမှာ ပါရှိတဲ့အဆိပ်ကို ဖယ်ထုတ်နိုင်တာကြောင့် အမေရိကန်မှာ အပူပေး သန့်စင်မထားတဲ့ Almonds စေ့ အစိမ်းကို ရောင်းချခြင်းမပြုဖို့ တားမြစ်ထားတဲ့အတွက် တရားမဝင် ပစ္စည်းဖြစ်ပါတယ်။ ဈေးကွက်မှာ ရောင်းချနေတဲ့ Almonds စေ့နဲ့ ပြုလုပ်ထားတဲ့ အစားအစာအားလုံးဟာ အပူပေးသန့်စင်ကာ အဆိပ်ထုတ်ထားပြီး ဖြစ်ပါတယ်။

ချယ်ရီသီး (Cherries)

ချယ်ရီသီးတွေဟာ အလွန်လူကြိုက်များပြီး မုန့်ဖုတ်ရာမှာနဲ့ ချက်ပြုတ်ရာမှာ ထည့်သွင်း အသုံးပြုပါတယ်။ ချယ်ရီသီးကိုဖျော်ရည် အဖြစ် ထုတ်လုပ်ရောင်းချပြီး ချယ်ရီသီးကို ဒီအတိုင်းလည်း စားသုံးကြပါတယ်။ ချယ်ရီသီးဟာ ဆီးသီး၊ တရုတ်ဆီးသီး (apricot) နဲ့ မက်မွန်သီး (peaches) တွေနဲ့ အုပ်စုအတူတူပဲ ဖြစ်ပါတယ်။ အဲဒီ့အသီးတွေရဲ့ အရွက်နဲ့ အစေ့မှာ အဆိပ်အတောက် ပါဝင်ပါတယ်။ချယ်ရီသီးထဲက အစေ့အိမ်မာမာလေးဟာ ကွဲအက်နေတယ်ဆိုရင် အစေ့အိမ်ထဲမှာ တည်ရှိတဲ့အစေ့ အဆန်ထဲမှာ ပါဝင်တဲ့ prussic acid (hydrogen cyanide) ဆိုတဲ့ အဆိပ်အတောက်ကို စားမိနိုင်ပါတယ်။ ဒါကြောင့် ချယ်ရီသီးစားရင် အစေ့ကို စုပ်ခြင်း၊ ကိုက်ခွဲပြီး စားခြင်းတို့မှ ရှောင်ပါ။

ပန်းသီး (Apples)

ချယ်ရီသီးမှာလိုပဲ ပန်းသီးရဲ့ အစေ့အဆန်ထဲမှာလည်း ဆိုင်ယာနိုက် (cyanide) အဆိပ်ပါဝင်ပါတယ်။ ဒါပေမယ့် ပါဝင်မှုကတော့ ချယ်ရီသီးရဲ့ အစေ့မှာထက် အများကြီး နည်းပါးပါတယ်။ ပန်းသီးရဲ့ အစေ့ကို မကြာခဏ မတော်တဆ စားမိ၊ ဝါးမိကြပေမယ့် သူ့မှာပါတဲ့ အဆိပ်ပမာဏ နည်းပါးလို့ အန္တရာယ်မရှိကြပါဘူး။ ပန်းသီးတစ်လုံးမှာ ပါဝင်တဲ့အစေ့ကို စားရုံနဲ့ မသေနိုင်ပေမယ့် သေစေနိုင်တဲ့ ပမာဏထိ အများကြီး လုံလုံလောက်လောက် စားမိတယ်ဆိုရင် သေနိုင်ပါတယ်။

အာလူး (Potatoes)

အာလူးအကြောင်းနဲ့ ပတ်သတ်ပြီး ဥရောပမှာ ၁၆ရာစုက ရေးသားတဲ့ စာအုပ်တွေထဲမှာ စတင်တွေ့ရှိရပါတယ်။ အနောက်တိုင်း စားသောက်မှုပုံစံတွေမှာ အာလူးဟာ အဓိက ဟင်းသီးဟင်းရွက် ဟင်းလျာအနေနဲ့ အမြဲတမ်း ပါဝင်လေ့ရှိပါတယ်။ အာရှမှာဆိုရင်လည်း အိန္ဒိယ အစားအစာ၊ အာရပ်အစားအစာ တွေထဲမှာ အာလူးကို အဓိကထားပြီး ချက်ပြုတ် ပြင်ဆင်ကြပါတယ်။ မြန်မာအပါအဝင် အာရှနိုင်ငံတွေလည်း ထိုနည်းလည်းကောင်းဆိုသလို အာလူးမစားတဲ့ နိုင်ငံ မရှိသလောက် ရှားပါးပါတယ်။

အာကာသထဲကိုသွားမယ့် အာကာသယာဉ်မှုးတွေရဲ့ အစားအစာထဲမှာတောင် အာလူး ပါဝင်ပါတယ်။ အလုံးလိုက် ကြာရှည်စွာ ထားသိုနိုင်ပြီး အလွယ်တကူ ချက်ပြုတ်နိုင်တဲ့အပြင် အာဟာရဓါတ်နဲ့ ကဆီဓါတ်တွေ ပါဝင်လို့ အာလူးကို အဓိက အစားအစာအနေနဲ့ ယူသွားဖို့ စီစဉ်ခဲ့တာပါ။ ငတ်မွတ် ဆာလောင်နေတဲ့ မျက်နှာတွေကို အဓိကထား ရေးဆွဲထားတဲ့ ဗင်းဆင့်ဗန်ဂိုးရဲ့ ကမ္ဘာကျော် ပန်းချီကား တစ်ချပ်ရဲ့ အမည်တောင်မှ ‘အာလူး စားသူများ’ ဆိုပြီးဖြစ်ပါတယ်။ အာလူးရဲ့ ပင်စည်၊အရွက်တွေမှာ အဆိပ်ပါဝင်ပြီး အာလူးဟာအစိမ်းရောင်သန်းနေရင် အစို့အညှောင့် ထွက်နေလျှင် အဆိပ်အတောက်ရှိပါတယ်။

အာလူးမှာပါဝင်တဲ့ အဆိပ်အတောက်ဖြစ်တဲ့ Glycoalkaloid ပါဝင်မှု မြင့်မားနေလို့ အာလူးဟာ အစိမ်းရောင်သန်းနေတာပါ။ ဒါ့ကြောင့် အာလူးကို မူလအရောင်အသွေးမဟုတ်ဘဲ စိမ်းနေရင်မစားသင့်ပါဘူး။ အာလူးအဆိပ်သင့်ခြင်းက ရှားပါးပေမယ့် ဖြစ်လာခဲ့လျှင်လည်း သေနိုင်ပါတယ်။ အားအင်ချိခြင်း၊ ‌ဝေဝါးခြင်း၊ သတိမေ့မြောနေခြင်း စသည် တို့ဖြစ်ပြီးနောက် သေဆုံးနိုင်ပါတယ်။ လွန်ခဲ့တဲ့ အနှစ်ငါးဆယ်က အမေရိကန်နိုင်ငံမှာ အစိမ်းရောင်ပြောင်းနေတဲ့ အာလူးစားခဲ့သူတွေနဲ့ အာလူးရွက်လက်ဖက်ရည် သောက်ခဲ့သူတွေ သေဆုံးခဲ့ပါတယ်။

ကျွန်ုပ်တို့အား Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube တို့တွင်၀င် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပါသည်။