အမည်ပြောင်းလဲခဲ့ကြသော နိုင်ငံ(၅)နိုင်ငံ

သမိုင်းတလျှောက် ကမ္ဘာ့နေရာအနှံ့မှာ နိုင်ငံများ ရာထောင်ချီပေါ်ပေါက်ခဲ့ကြသလို ခေတ်အဆက်ဆက်မှာ နိုင်ငံရဲ့အမည်တွေကို အမျိုးမျိုး ပြောင်းလဲခေါ်ဝေါ်ခဲ့ကြပါတယ်။ ယနေ့အချိန်ထိတိုင် တည်ရှိနေဆဲနိုင်ငံတွေထဲမှာ သက်တမ်းအရှည်ကြာဆုံး အမည်မပြောင်းလဲတဲ့ နိုင်ငံဆိုရင်တော့ ဆန်မာရီနို ကို ပြရမှာဖြစ်ပါတယ်။ အီတလီနယ်နိမိတ်အတွင်းမှာ တည်ရှိနေတဲ့ ဒီနိုင်ငံငယ်လေးဟာ အေဒီ ၃၀၁ ကာလက စလို့ ယနေ့တိုင် ဆန်မာရီနို ဆိုတဲ့အမည်နဲ့ တည်ရှိနေဆဲဖြစ်တယ်လို့ သိရပါတယ်။ ကမ္ဘာတလွှားမှာ အမည်ပြောင်းလဲခဲ့တဲ့ နိုင်ငံတွေ ရာနဲ့ချီပြီးရှိပါတယ်။အဲဒီထဲကမှ ကျွန်တော်တို့ ရင်းနှီးပြီးသားနိုင်ငံ (၅)နိုင်ငံကိုဖော်ပြပေးလိုက်ပါတယ်။

(၅) မြောက်မက်ဆီဒိုးနီးယား

တစ်ချိန်က ဘုရင့်နိုင်ငံဖြစ်ခဲ့တဲ့ မက်ဆီဒိုးနီးယားကိုတော့ စစ်ဘုရင် မဟာအလဇန္ဒားရဲ့နိုင်ငံအဖြစ် သိကြပြီးဖြစ်မှာပါ။ အဲဒီဘုရင့်နိုင်ငံရဲ့နယ်မြေအချို့ဟာ ယနေ့ မြောက်မက်ဆီဒိုးနီးယား ထဲမှာ ရှိနေပြီး တချို့ကတော့ ဂရိထဲမှာ ရှိနေပါတယ်။ မြောက်မက်ဆီဒိုးနီယားဟာ ယူဂိုဆလားဗီးယားပြည်ထောင်စုထဲမှာ ပါဝင်ခဲ့တဲ့ ကုန်းတွင်းပိတ်နိုင်ငံ တခုလည်းဖြစ်ပါတယ်။

ကမ္ဘာတလွှားမှာ အမည်ပြောင်းလဲခဲ့တဲ့ နိုင်ငံတွေ ရာနဲ့ချီပြီးရှိပါတယ်။အဲဒီထဲကမှ ကျွန်တော်တို့ ရင်းနှီးပြီးသားနိုင်ငံ (၅)နိုင်ငံကိုဖော်ပြပေးလိုက်ပါတယ်။

 

၁၉၉၁ ခုနှစ်ကစလို့ ဒီနိုင်ငံရဲ့အမည်ဟာ FYR( Former Yugoslav Republic) မက်ဆီဒိုးနီးယား ဖြစ်ခဲ့ပြီး ၂၀၁၉ ခုနှစ်ကနေ စလို့ မြောက်မက်ဆီဒိုးနီးယား သမ္မတနိုင်ငံ Republic of North Macedonia လို့ ပြောင်းလဲခေါ်ဆိုခဲ့တာဖြစ်ပါတယ်။

(၄) ထိုင်းနိုင်ငံ

ကျွန်တော်တို့ရဲ့အိမ်နီးချင်းဖြစ်တဲ့ ထိုင်းနိုင်ငံဟာ အရှေ့တောင်အာရှ နိုင်ငံတစ်နိုင်ငံဖြစ်ပြီး တရားဝင်အမည်က ထိုင်းဘုရင့်နိုင်ငံ ဖြစ်ပါတယ်။ ဒီနိုင်ငံရဲ့ မူလအမည်က သယာမ် (ဆိုင်ယမ်) Siam ဖြစ်ပါတယ်။ သူတို့နိုင်ငံသားတွေကတော့ မောင်းထိုင်း လို့ခေါ်ပြီး ပြင်ပလူတွေကတော့ သယာမ် လို့ခေါ်ကြပါတယ်။

သယာမ် ဆိုတာကတော့ ပါဠိဘာသာ ကနေ ဆင်းသက်လာတာဖြစ်ပြီး ရွှေမြေ လို့ အဓိပ္ပါယ်ရပါတယ်။ စည်းမျဉ်းခံဘုရင်စနစ်ပြောင်းလဲပြီးချိန် ၁၉၄၉ ခုနှစ်ကနေ စလို့ နိုင်ငံရဲ့အမည်ကို ထိုင်းလန်း Thailand လို့ ပြောင်းလဲခေါ်ဆိုခဲ့ပါတယ်။

(၃) အိုင်ယာလန်

အိုင်ယာလန် သမ္မတနိုင်ငံကတော့ အနောက်ဥရောပပိုင်းက အိုင်ယာလန်ကျွန်းမှာ တည်ရှိပါတယ်။ ကျွန်းနယ်မြေဧရိယာစုစုပေါင်းရဲ့ ၆ပုံ ၅ပုံ ကို ပိုင်ဆိုင်ပြီး ကျန် ၁ပုံကိုတော့ မြောက်အိုင်ယာလန်က ပိုင်ဆိုင်ပါတယ်။ အိုင်ယာလန်ဟာ နှစ်ပေါင်းများစွာ ဗြိတိသျှတို့ရဲ့ အုပ်ချုပ်မှုကိုခံခဲ့ရပြီး ၁၉၂၂ ခုနှစ်မှာတော့ အင်္ဂလိပ်-အိုင်းရစ် သဘောတူညီမှုအရ Irish Free State ဆိုတဲ့အမည်နဲ့ ရှိနေခဲ့ပါတယ်။ ၁၉၃၇ ခုနှစ်မှာတော့ ဗြိတိသျှတို့နဲ့ ဆက်သွယ်မှုအားလုံးကို ဖြတ်တောက်ပြီး အိုင်ယာလန် အမည်အဖြစ် ပြောင်းလဲခဲ့တာဖြစ်ပါတယ်။

(၂) မြန်မာ

အရှေ့တာင်အာရှမှာတည်ရှိတဲ့ ကျွန်တော်တို့နိုင်ငံရဲ့ တရားဝင်အမည်က ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ ဖြစ်ပါတယ်။ ဥရောပတိုက်သားတွေ နဲ့ အဆက်အဆံရှိလာတဲ့ ၁၉ ရာစုက စလို့ နိုင်ငံရဲ့အမည်ကို အခြားနိုင်ငံတွေက Burma အဖြစ် သိကြပါတယ်။ အစဉ်အဆက် Burma လို့ ခေါ်ဝေါ်ခဲ့ကာ လွတ်လပ်ရေးရပြီးတဲ့အခါမှာတော့ Union of Burma ဗမာနိုင်ငံတော် အမည်ကို ဆက်လက်သုံးစွဲခဲ့ပါတယ်။ ၁၉၇၄ ခုနှစ်မှာတော့ ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတ မြန်မာနိုင်ငံ(အင်္ဂလိပ်လိုတော့ Burma ) အဖြစ် ပြောင်းလဲခဲ့ပါတယ်။ ၁၉၈၉ ခုနှစ်မှာတော့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ အဖြစ်ပြောင်းလဲခဲ့ပြီး အင်္ဂလိပ်စာလုံး Burma နေရာမှာ Myanmar ကို ပြောင်းလဲသုံးစွဲခဲ့ပါတယ်။ ယနေ့အချိန်ထိလည်း Burma ဆိုတဲ့ အမည်ကို နေရာအချို့မှာ ဆက်လက်သုံးစွဲနေကြဆဲဖြစ်ပါတယ်။

(၁) သီရိလင်္ကာ

သီဟိုဠ်ကျွန်းလို့ ကျွန်တော်တို့နဲ့ ရင်းနှီးပြီးဖြစ်တဲ့ သီရိလင်္ကာနိုင်ငံဟာ အာရှတိုက်တောင်ပိုင်း အိန္ဒိယသမုဒ္ဒရာထဲက ကျွန်းနိုင်ငံဖြစ်ပါတယ်။ သူ့ရဲ့ပုံသဏ္ဍာန်နဲ့ တည်နေရာအနေအထားကြောင့် အိန္ဒိယသမုဒ္ဒရာရဲ့ ပုလဲရတနာလို့လည်း တင်စားခေါ်ဝေါ်ခြင်း ခံရတဲ့ နိုင်ငံဖြစ်ပါတယ်။ ၁၆ ရာစုကစလို့ ပေါ်တူဂီ ၊ ဒတ်ချ် နဲ့ ဗြိတိသျှတို့ရဲ့ အဆက်ဆက် သိမ်းပိုက်ခြင်းကိုခံခဲ့ရပြီး ၁၉၄၈ ခုနှစ်မှာမှ ဗြိတိသျှတို့ထံကနေ လွတ်လပ်ရေးရရှိခဲ့တာဖြစ်ပါတယ်။ ပေါ်တူဂီတို့ရှိစဉ်ကတည်းက ဒီနိုင်ငံရဲ့ အမည်ဟာ စီလုံ Ceylon ဖြစ်ခဲ့ပြီး ၁၉၇၂ ခုနှစ်မှာတော့ သီရိလင်္ကာ Sri Lanka အမည်ကို ပြောင်းလဲခဲ့တာဖြစ်ပါတယ်။ သီရိလင်္ကာ ရဲ့ အဓိပ္ပါယ်ကတော့ ကြည်နူးဖွယ်ကောင်းသောကျွန်း ဖြစ်ပါတယ်။

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်းကြည့်ရှုနိုင်ရန်  Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး လိုက်ခ် နဲ့ ဖောလိုး လေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။