နှုတ်ခမ်းကွဲတဲ့ ပြဿနာကို ဖြေရှင်းနိုင်ဖို့အတွက် အရိုးရှင်းဆုံး နည်းလမ်း

နှုတ်ခမ်းသည် လူ့အရေပြားအစိတ်အပိုင်းတွေထဲက တစ်ခုဖြစ်တဲ့အတွက် အပြင်က အအေးဒဏ်ဟာ စိုထိုင်းမှုကို လျော့နည်းသွားစေပြီး ခြောက်သွေ့လာစေတယ်။ နှုတ်ခမ်း ခြောက်တဲ့အခါ လူတွေက တံတွေးစွတ်တာ၊ လျှာနဲ့ သပ်တာမျိုး ပိုလုပ်တဲ့အတွက် တံတွေးထဲမှာရှိတဲ့ အက်စစ်ဓာတ်တွေက အစိုဓာတ်ကို ထပ်မံခန်းခြောက်သွားစေကာ နှုတ်ခမ်းကို အက်ကွဲလာစေပါတယ်။

နောက်ထပ် ဖြစ်နိုင်တဲ့အကြောင်းရင်းတစ်ခုကတော့ ရေသောက်နည်းတာပါ။ လူတော်တော် များများက အပြင်ဘက် ရာသီဥတုသည် အေးချမ်းနေတဲ့အတွက် ခန္ဓာကိုယ်အထဲမှာလည်း အေးမယ်လို့ ထင်နေတတ်ကြတာပါ။ ဒီအတွက် ရေကို ပုံမှန်အချိန်ထက် သောက်တာတွေ နည်းလာပါတယ်။

တကယ်တော့ ဒီယူဆချက်က လုံးဝမှားယွင်းပါတယ်။ ခန္ဓာကိုယ်အပြင်ပိုင်းက အအေးဒဏ်ကြောင့် ချမ်းစိမ့်စိမ့်ဖြစ်နေခဲ့ရင်တောင် ခန္ဓာကိုယ်အတွင်းပိုင်းက ကိုယ်တွင်းကလီစာတွေ၊ အစိတ်အပိုင်းတွေက ပုံမှန်လုပ်ပေးနေရတာဖြစ်လို့ အထဲမှာတော့ ပူလောင်နေဦးမှာပါပဲ။ ဒီအတွက် ကိုယ်တွင်းအပူကျဖို့နဲ့ ရေဓာတ် ခန်းခြောက်ခြင်း မဖြစ်စေဖို့ ရေကို ပုံမှန်သောက်ပေးဖို့တော့ လိုအပ်ပါတယ်။

နှုတ်ခမ်းသည် လူ့အရေပြားအစိတ်အပိုင်းတွေထဲက တစ်ခုဖြစ်တဲ့အတွက် အပြင်က အအေးဒဏ်ဟာ စိုထိုင်းမှုကို လျော့နည်းသွားစေပြီး ခြောက်သွေ့လာစေတယ်။

နှုတ်ခမ်းကွဲတဲ့ ပြဿနာကို ဖြေရှင်းနိုင်ဖို့အတွက် အရိုးရှင်းဆုံးနည်းလမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

၁။ ရေများများသောက်ပါ။

ရေကို ဆာတော့မှ ထမသောက်ပါနဲ့။ ရာသီဉတုအေးတဲ့အချိန်မှာ လူတွေက ရေသောက် ဖို့ကို မေ့လျော့နေတတ်သလို ထသွားထလာလုပ်ရမှာလည်း တော်တော်ပျင်းပါတယ်။ ဒီအတွက် လီတာရေဘူးထဲ ရေအပြည့်ဖြည့်ပြီး ကိုယ်နဲ့ လက်လှမ်းမီမယ့်၊ ကိုယ့်မျက်စိ ရှေ့တည့်တည့်မှာ ထားပေးထားပါ။ နာရီဝက်ခြား တစ်ခါ ရေကို သောက်ပေးပါ။ တစ်နေ့ကို ရေအနည်းဆုံး ၃လီတာသောက်ပေးနိုင်ရင် လုံလောက်ပါတယ်။

၂။ နှုတ်ခမ်းကို လျှာနဲ့မသပ်ပါနဲ့။

လျှာနဲ့လျက်ပြီး နှုတ်ခမ်းတွေက တံတွေးနဲ့ ပြောင်လက်သွားတဲ့အခါ နှုတ်ခမ်းမခြောက် တော့ ဘူးလို့ ထင်တတ်ကြပါတယ်။ တကယ်တမ်းမှာ တံတွေးသည် နှုတ်ခမ်းပေါ်က အဆီ နဲ့စိုထိုင်းမှုတွေကို ဖယ်ရှားလိုက်တာဖြစ်လို့ ခြောက်သထက် ခြောက်အောင်ပိုလုပ်ပေး လိုက်တာနဲ့ အတူတူပါပဲ။

ဒါကြောင့် နှုတ်ခမ်းခြောက်ရင် နှုတ်ခမ်းအဆီလိမ်းပါ။ ရေများများသောက်ပါ။ လျှာနဲ့ မလျက်ပါနဲ့။

၃။ အချဉ်ဓာတ်ပါတာတွေ များများစားပေးပါ။

ဗီတာမင် စီ အချဉ်ဓာတ်ဟာ အရေပြားကို ကျန်းမာလန်းဆန်းစေပြီး အစိုဓာတ်ကို ဖြည့်တင်းပေးနိုင်တယ်။ ဒါ့အပြင် ပျက်စီးနေတဲ့ ဆဲလ်တချို့ကို ပြုပြင်ပေးပြီး အရေပြားဆဲလ်အသစ်တွေ ထပ်ပြီးထွက်လာအောင် ကူညီပေးတဲ့အတွက် နှုတ်ခမ်းကွဲတဲ့သူတွေ ပုံမှန်ပန်းနုရောင်နှုတ်ခမ်းမျိုး ပြန်ရအောင် ကူညီပေးနိုင်မှာပါ။ အချဉ်ဓာတ် အရသာရှိတဲ့ အသီးအနှံတွေ၊ သစ်သီးဖျော်ရည်တွေအပြင် ဗီတာမင် စီ အားဆေးတွေကိုလည်း သောက်ပေးဖို့လိုပါတယ်။

၄။ နှုတ်ခမ်းအဆီကို နေ့စဉ်လိမ်းပေးပါ။

နှုတ်ခမ်းခဏခဏ ခြောက်တဲ့သူတိုင်း နှုတ်ခမ်းအဆီ (Lip balm) ကို အမြဲဆောင်သင့်ပါတယ်။ နှုတ်ခမ်းအဆီဟာ ခြောက်သွေ့နေတဲ့ နှုတ်ခမ်းကို အစိုဓာတ်ဖြည့်ပေးရုံသာမက အပြင်က အအေးဒဏ်ကြောင့် နှုတ်ခမ်းထပ်ပြီးမခြောက်စေဖို့ အကာအကွယ်တစ်ထပ် ဖြစ်စေပါတ်။ နှုတ်ခမ်းနီလို အရောင်မပါဝင်တဲ့အတွက် ယောက်ျားလေးတွေလည်း အသုံးပြုလို့ ရပါတယ်။ မျက်နှာသစ်ပြီးတိုင်း နှုတ်ခမ်းအဆီကို ပါးပါးလေး လိမ်းပေးပါ။ အိပ်ခါနီးအချိန်မှာလည်း သုံးပေးနိုင်ရင် ပိုကောင်းပါတယ်။

၅။ မီးဖိုချောင်သုံးပစ္စည်းတွေကို အသုံးပြုပါ။

သကြားဖြူကို ပျားရည်နဲ့ သမအောင်ရောမွှေပြီး လက်ညှိုးနဲ့ အနှစ်ကိုယူကာ နှုတ်ခမ်းပေါ် ဖြည်းဖြည်းချင်းပွတ်ပေးရပါမယ်။ ၃မိနစ်လောက် ထားပြီးရင် ရေနဲ့ပြောင်စင်အောင် ပြန်ဆေးပေးလိုက်ရုံပါပဲ။ ထောပတ်သီးအနှစ်ကို သံပရာရည်နဲ့ ရောမွှေပြီး နှုတ်ခမ်းအဆီအနေနဲ့ အသုံးပြုကာ ၅မိနစ်လောက်နေရင် ပြန်ဆေးပေးပါ။ ရှားစောင်းလက်ပပ်က ရတဲ့အနှစ်ကို နှုတ်ခမ်းပေါ် သုတ်လိမ်းပြီး တအောင့်နေရင် ရေပြန်ဆေးချတာမျိုးလည်း လုပ်ပေးလို့ ရပါတယ်။

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်းကြည့်ရှုနိုင်ရန်  Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး လိုက်ခ် နဲ့ ဖောလိုး လေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။