နိုင်ငံအသီးသီးမှအချမ်းသာဆုံးနိုင်ငံ(၅)နိုင်ငံ

၅။ ယူကေ

တချိန်က ကမ္ဘာပေါ်မှာ အကြီးဆုံးအင်ပါယာကို ထူထောင်နိုင်ခဲ့တဲ့ ယူကေဟာလည်း လက်ရှိအချိန်မှာ နံပါတ် ၁ နေရာမှာ မရှိတော့ပေမယ့် ထိပ်တန်းစာရင်းမှာတော့ ဝင်နေ ပါသေးတယ်။

၂၀၂၀ ခုနှစ်စာရင်းအရ ယူကေ ရဲ့ ဂျီဒီပီကတော့ အမေရိကန်ဒေါ်လာ ၂၆၃၈ ဘီလျံ (၂,၆၃၈,၂၉၆) ဖြစ်ပြီး နိုင်ငံသားတဦးချင်းစီရဲ့ ပျမ်းမျှဝင်ငွေကတော့ ၃၉,၂၂၉ ဒေါ်လာ ဖြစ်ပါတယ်။

ဘဏ် နဲ့ ငွေကြေးဝန်ဆောင်မှု လုပ်ငန်းတွေ ၊ လေယာဉ် နဲ့ အခြားယာဉ်များထုတ်လုပ်ခြင်း ၊ ဆေးဝါးထုတ်လုပ်ခြင်း ၊ ရေနံ နဲ့ ဓာတ်ငွေ့ ထုတ်လုပ်ခြင်း နဲ့ အခြားစီးပွားရေး လုပ်ငန်း များစွာကို လုပ်ကိုင်လျှက်ရှိပါတယ်။

၄။ ဂျာမနီ

ကမ္ဘာစစ်ကာလတွေမှာ အထင်ကရ နိုင်ငံဖြစ်ခဲ့ဖူးတဲ့ ဂျာမနီဟာလည်း ယခုအချိန်ထိ ဥရောပတိုက်မှာ စီးပွားရေးအင်အား အတောင့်တင်းဆုံးနိုင်ငံ အဖြစ် ရပ်တည်နေဆဲပါ။ဂျာမနီနိုင်ငံရဲ့ ဂျီဒီပီကတော့ အမေရိကန်ဒေါ်လာ ၃၇၈၁ဘီလျံ (၃,၇၈၀,၅၅၃) ဖြစ်ပါတယ်။

ဂျာမနီဟာ အဓိကစီးပွားရေးအနေနဲ့ မော်တော်ကားထုတ်လုပ်ခြင်း၊ စက်မှု လုပ်ငန်း၊ လျှပ်စစ်နှင့် စံညွှန်းကိုက်အင်ဂျင်နီယာလုပ်ငန်း၊ ဓာတုပစ္စည်းများ၊ ပတ်ဝန်းကျင် ဆိုင်ရာ နည်းပညာ၊ မျက်မှန်ပစ္စည်းများ၊ ဆေးကုသမှုနည်းပညာ၊ ဇီဝနည်းပညာနှင့် မျိုးရိုးဗီဇ သုတေသန ပညာ၊ နာနိုနည်းပညာ၊ လေကြောင်းနှင့် အကာသပညာထောက်ပံ့ရေး စတဲ့ လုပ်ငန်းတွေကို လုပ်ကိုင်လျှက်ရှိပါတယ်။

 

ကျွန်တော်တို့ မြန်မာနိုင်ငံကတော့ ဒီစာရင်းမှာ ကမ္ဘာ့အဆင့် ၆၉ ဖြစ်ပြီး ဂျီဒီပီကတော့ အမေရိကန်ဒေါ်လာ ၇၁ ဘီလျံ ဖြစ်ပါတယ်။ အရှေ့တောင်အာရှနိုင်ငံတွေ နဲ့ နှိုင်းယှဉ်ရင်တော့ ၄ဆ ကျော် ကွာဟ လျက်ရှိနေပါတယ်။

၃။ ဂျပန်

ဒုတိယ ကမ္ဘာစစ်ပြီးဆုံးချိန်မှာ စစ်ရှုံးမှုနဲ့အတူ စီးပွားရေး အလွန်ကျဆင်းသွားခဲ့တဲ့ ဂျပန်နိုင်ငံဟာ နှစ်ပေါင်း ၃၀ ကျော်အတွင်းမှာ ထိပ်တန်းနေရာကို ပြန်လည်ရယူနိုင်ခဲ့ပြီး ယခုအချိန်မှာတော့ ကမ္ဘာပေါ်မှာ တတိယ စီပွားရေးအင်အား အတောင့်တင်းဆုံး နိုင်ငံ အဖြစ် ရပ်တည်လျှက်ရှိပါတယ်။ ဂျပန်နိုင်ငံဟာ ဖွံ့ဖြိုးပြီးနိုင်ငံတခုဖြစ်သလို လူနေမှု အဆင့်နှင့် လူ့ဖွံ့ဖြိုးတိုးတက်မှု အညွှန်းကိန်း အလွန် မြင့်မားတဲ့နိုင်ငံလည်းဖြစ်ပါတယ်။ စက်မှု နဲ့ နည်းပညာ ဆိုင်ရာမှာ ကမ္ဘာ့ထိပ်တန်းအဆင့်ရှိနေပြီး မော်တော်ကား ထုတ်လုပ်ခြင်း ၊ အီလက်ထရောနစ် နဲ့ စက်မှုထုတ်ကုန် တွေက အဓိကလုပ်ငန်းတွေ ဖြစ်ပါတယ်။ ဂျပန်နိုင်ငံရဲ့ ဂျီဒီပီကတော့ အမေရိကန်ဒေါ်လာ ၄၉၁၀ ဘီလျံ (၄,၉၁၀,၅၈၀) ဖြစ်ပြီး နိုင်ငံသားတဦးချင်းစီရဲ့ ပျမ်းမျှဝင်ငွေကတော့ အမေရိကန်ဒေါ်လာ ၃၉,၀၄၈ ဖြစ်ပါတယ်။

၂။ တရုတ်

ကမ္ဘာ့နံပါတ် (၁) ဖြစ်ဖို့ ကြိုးစားနေတဲ့ တရုတ်နိုင်ငံဟာ ဒီစာရင်းမှာတော့ ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။ တကယ်လို့သာ ကုန်စည်အမျိုးအစားအလိုက် ဈေးနှုန်းဖြစ်တဲ့ PPP နဲ့ သာတွက်ချက်မယ်ဆိုရင်တော့ တရုတ်ဟာ နံပါတ် (၁) နေရာကို ရောက်သွားမှာပါ။ တရုတ်နိုင်ငံဟာ လူဦးရေ များပြားခြင်းနဲ့အတူ မတူညီတဲ့ စီးပွားရေး လုပ်ငန်းများစွာကို လုပ်ကိုင်လျက်ရှိနေသလို တခြားကမ္ဘာ့နိုင်ငံတော်တော်များများမှာလည်း သူတို့ရဲ့စီးပွားရေး လုပ်ငန်းတွေကို ချဲ့ထွင်လုပ်ကိုင်လျှက်ရှိပါတယ်။ ကမ္ဘာ့အကြီးဆုံး ကုမ္ပဏီ ၅ခုမှာ ၃ခုက တရုတ်နိုင်ငံက ကုမ္ပဏီတွေဖြစ်ပါတယ်။ ၂၀၂၀ ခုနှစ်စာရင်းအရ တရုတ်နိုင်ငံရဲ့ ဂျီဒီပီကတော့ အမေရိကန်ဒေါ်လာ ၁၄,၈၆၀ ဘီလျံ (၁၄,၈၆၀,၇၇၅) ဖြစ်ပါတယ်။

၁။ အမေရိကန်

စူပါ ပါဝါနိုင်ငံလို့ အများစုက ကင်ပွန်းတပ်ထားသလို အမေရိကန်နိုင်ငံဟာ နည်းပညာ ၊ စစ်ရေး ကဏ္ဍအသီးသီးမှာထိပ်တန်းက ရှိနေသလို ဒီစာရင်းမှာလည်း ကမ္ဘာ့စီးပွားရေး အတောင့်တင်းဆုံးနိုင်ငံအဖြစ် ရပ်တည်နေပါတယ်။ အမေရိကန်ဟာ ရေနံ ၊ ဓာတ်ငွေ့ နဲ့ သတ္တုတူးဖော်ရေးလုပ်ငန်းများစွာကို ပိုင်ဆိုင်ထားသလို ကွန်ပျူတာ နဲ့ နည်းပညာထုတ်ကုန်တွေ ၊ ဆေးဝါး ၊ လေယာဉ် ၊ စစ်ဘက်ဆိုင်ရာထုတ်ကုန်တွေကို အဓိက ထုတ်လုပ်ရောင်းချလျက်ရှိပါတယ်။ လက်ရှိကမ္ဘာ့ထိပ်တန်း နည်းပညာ ကုမ္ပဏီအများစုကလည်း အမေရိကန်တနိုင်ငံတည်းမှ ဖြစ်ပါတယ်။ ၂၀၂၀ ခုနှစ်စာရင်းအရ အမေရိကန်နိုင်ငံရဲ့ ဂျီဒီပီကတော့ အမေရိကန်ဒေါ်လာ ၂၀,၈၀၇ ဘီလျံ (၂၀,၈၀၇,၂၆၉) ဖြစ်ပါတယ်။

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်း ကြည့်ရှုနိုင်ရန်  Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး လိုက်ခ် နဲ့ ဖောလိုး လေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။