လွယ်လွယ်နဲ့ အပြစ်တင်တတ်တဲ့ အကျင့်ဆိုးကြီးကို ဘယ်လိုဖျောက်မလဲ?

လူတွေဟာ သူကြီးပြင်းရာ ပတ်ဝန်းကျင်နဲ့ သူ့ကို ပုံသွင်းခဲ့တဲ့ မိဘ (သို့မဟုတ်) အုပ်ထိန်းသူတွေရဲ့ သင်ပြပုံနည်းစနစ်အားနည်းမှုကြောင့် အပြစ်တင်တတ်တဲ့အကျင့်ဆိုးကြီးဟာ အစပျိုးခဲ့တယ်လို့ ဆိုပါတယ်။

အထူးသဖြင့်ငယ်ရွယ်စဉ်ကာလမှာ ကလေးအနေနဲ့ အမှားကို ဝန်ခံရာမှာ မိဘ(သို့မဟုတ်) အုပ်ထိန်းသူက မေတ္တာ ကရုဏာရှေ့ထားလို့ လမ်းညွှန်သင်ပြပေးတာမျိုး လုပ်ရမယ့်အစား အရှက်ခွဲတာ၊ အပြစ်တင်တာ၊ ပြသနာကို ပုံကြီးချဲ့ရင်း အပြစ်ရှိသလိုခံစားရအောင်လုပ်တာတွေကတဆင့် ထိခိုက်ခံစားရပြီး ထို နာကျင်မှုတွေကို အရွယ်နဲ့မမျှအောင် ခါးသီးခံစားခဲ့ရတဲ့ကလေးတွေဟာ အသက်အရွယ်ရလာတဲ့အခါ အပြစ်တင်တဲ့အကျင့်ဆိုးကြီးဟာ စွဲကပ်လာလေ့ရှိပါတယ်။

တစ်ဦးချင်းအလိုက်ဖြစ်စေ၊ လူမျိုးစုအနေနဲ့ဖြစ်စေ သမိုင်းကို ခြေရာခံလိုက်မယ်ဆိုရင် ကိုယ့်ရဲ့အားနည်းချက်ကို အရှိအတိုင်းလက်မခံဘဲ ဖုံးဖိဖို့ကြိုးစားတာဖြစ်စေ၊ ကိုယ့်ရဲ့ မှားယွင်းတဲ့လုပ်ရပ်ကို တာဝန်မယူချင်ဘဲ (တခါတရံမသိစိတ်က) ခေါင်းရှောင်လိုတဲ့အခါမျိုးမှာဖြစ်စေ လူတွေဟာ သူတို့ထိန်းချုပ်လို့မရတဲ့ အခြေအနေတွေအပေါ် လွယ်လွယ်နဲ့ပဲ အပြစ်တင်လေ့ရှိကြပါတယ်။ အပြစ်တင်တတ်တဲ့ အကျင့်ဆိုးကြီးကို ဘယ်လိုဖျောက်မလဲ?

အပြစ်တင်ခြင်းကြောင့် ထိခိုက်စေတဲ့ အရာ ၇ခု ရှိပါတယ်။

၁။ အပြစ်တင်တဲ့အလေ့အကျင့်ဟာ မိမိကိုယ်ကိုလေးစားမှု (Self esteem) ထိခိုက်စေပါတယ်။တစ်စုံတစ်ယောက်ကို အပြစ်တင်လိုက်တဲ့အခါ ရင်ဘတ်ထဲမှာ ဘယ်လိုခံစားနေရသလဲဆိုတာ သတိလေးကပ်ထားကြည့်ပါ။ မုန်းတီးမှု၊ အလိုမကျမှု၊ အလိုမပြည့်မှု၊ မိမိကိုယ်ကို အသုံးမကျသလိုခံစားရမှု၊ ငါ့မှာကျအဖြစ်ဆိုးရလေခြင်းဆိုတဲ့ ခံစားချက်တွေ ရောနှောနေလေ့ရှိပါတယ်။

ကိုယ်အမှန်တကယ်ထိန်းချုပ်လို့မရတဲ့ တစ်ပါးသူရဲ့အတွေး၊ အပြုအမူနဲ့ ရွေးချယ်မှုတွေအပေါ် အပြစ်တင်လိုက်တိုင်း ကိုယ့်ရဲ့ အတွေးအခေါ်၊ စိတ်အခြေအနေနဲ့ အပြုအမှုတွေကို ထိန်းချုပ်ဖို့အခွင့်အလမ်းဆုံးရှုံးသွားပါတယ်။ ထိုမှတစ်ဆင့် ဓားစာခံစိတ် (ငါ့မှာမှဖြစ်ရလေခြင်း) ဝင်သွားပြီး ဒေါသစိတ်တဖြည်းဖြည်း ကြီးထွားလာနိုင်သလို စိတ်ဓာတ်ခံအားနည်းသူတွေမှာ စိတ်ကျဝေဒနာထိ ဖြစ်သွားစေနိုင်ပါတယ်။

လူတွေဟာ သူကြီးပြင်းရာ ပတ်ဝန်းကျင်နဲ့ သူ့ကို ပုံသွင်းခဲ့တဲ့ မိဘ (သို့မဟုတ်) အုပ်ထိန်းသူတွေရဲ့ သင်ပြပုံနည်းစနစ်အားနည်းမှုကြောင့် အပြစ်တင်တတ်တဲ့အကျင့်ဆိုးကြီးဟာ အစပျိုးခဲ့တယ်လို့ ဆိုပါတယ်။တစ်ဦးချင်းအလိုက်ဖြစ်စေ၊ လူမျိုးစုအနေနဲ့ဖြစ်စေ သမိုင်းကို ခြေရာခံလိုက်မယ်ဆိုရင် ကိုယ့်ရဲ့အားနည်းချက်ကို အရှိအတိုင်းလက်မခံဘဲ ဖုံးဖိဖို့ကြိုးစားတာဖြစ်စေ၊ ကိုယ့်ရဲ့ မှားယွင်းတဲ့လုပ်ရပ်ကို တာဝန်မယူချင်ဘဲ (တခါတရံမသိစိတ်က) ခေါင်းရှောင်လိုတဲ့အခါမျိုးမှာဖြစ်စေ လူတွေဟာ သူတို့ထိန်းချုပ်လို့မရတဲ့ အခြေအနေတွေအပေါ် လွယ်လွယ်နဲ့ပဲ အပြစ်တင်လေ့ရှိကြပါတယ်။

၂။ အပြစ်တင်တဲ့အကျင့်ဟာ မိမိကိုယ်ကိုထိန်းချုပ်နိုင်စွမ်း (Self control) ကို ကျဆင်းစေပါတယ်။ မိမိကိုယ်ကို တာဝန်ယူဖို့ဆိုတာ အမြဲတမ်း လွယ်ကူတဲ့အရာတော့မဟုတ်ပါဘူး။ ဒါ့ကြောင့်လည်း ကြုံလာရတဲ့အခက်အခဲတွေကို ထိပ်တိုက်ရင်ဆိုင် ဖြေရှင်းဖို့ထက် ကိုယ်ထိန်းချုပ်လို့မရတဲ့ ပြင်ပအခြေအနေတွေကို အပြစ်တင်နေတဲ့သူတွေ ပိုများနေတာပါ။

အဆင်မပြေမှုတွေကြားမှာ မိမိကိုယ်ကို တာဝန်ယူမယ်ဆိုတာ သောကတွေဖြစ်ပါတယ်။ စိုးရိမ်ပူပန်စိတ်တွေဖြစ်လာပါတယ်။ ငါတစ်ယောက်တည်း ဖြစ်နေပါလားဆိုပြီး အထီးကျန်သလိုခံစားရပါတယ်။ ဒါ့ကြောင့်လည်း လွယ်လွယ်နဲ့ပဲ တခြားလူတွေကို အပြစ်တင်မိနေတာပါ။ အဲလို အပြစ်တင်တာကြလာတာနဲ့အမျှ ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်စွမ်းကျဆင်းလာမှာပဲဖြစ်ပါတယ်။

၃။ အပြစ်တင်တဲ့အကျင့်ဟာ အမှန်ကို အမှန်အတိုင်းရှု့ မြင်နိုင်စွမ်း နဲ့ မိမိကိုယ်ကို ဝေဖန်ပိုင်းခြား ဆင်ခြင်နိုင်စွမ်းကို ကျဆင်းစေပါတယ်။ အဆင်မပြေမှုတွေကြုံတဲ့အခါ လွယ်လွယ်နဲ့ပဲ အပြစ်တင်တတ်တဲ့သူတွေကို သတိထားကြည့်ပါ။

သူတို့ဟာ သူတို့ရဲ့အားနည်းချက်တွေကို မသိလိုက် မသိမသာဖုံးကွယ်နေတဲ့သူတွေ ဖြစ်နေပါတယ်။ သူတို့ကိုယ်သူတို့ ပြန်သုံးသပ်တာမျိုး မလုပ်နိုင်ကြသလို ဖြစ်စဉ်ကို ရှု့ထောင့်စုံက အကြောင်းအကျိုးဆက်စပ်စဉ်းစားနိုင်မှု (Critical thinking) လည်း အားနည်းနေလေ့ရှိပါတယ်။ အပြစ်တင်တဲ့အကျင့်ကြောင့် ကိုယ့်အမှားကတစ်ဆင့်သင်ယူနိုင်စွမ်း ပျောက်သွားတတ်ပါတယ်။

၄။ အပြစ်တင်တဲ့အကျင့်ကြောင့် အသုံးမကျသလိုခံစားရပြီး ခိုကိုးရာမဲ့ဖြစ်နေသလို ခံစားရတတ်ပါတယ်။ စိတ်ကျဝေဒနာ နာတာရှည်ခံစားနေရတဲ့သူတွေကို လေ့လာကြည့်တဲ့အခါ သူတို့ကိုယ်သူတို့ အသုံးမကျသလိုခံစားနေရလေ့ရှိတတ်ပါတယ်။

စိတ်ကျဝေဒနာ ကနေဦးအဆင့်မှာ ကိုယ့်ရဲ့လိုအပ်ချက်တွေအပေါ်တာဝန်ယူမယ့်အစား အခြားပြင်ပအခြေအနေတွေကို အပြစ်တင်စကားဆိုရင်းက တဖြည်းဖြည်းကြာလာတာနဲ့အမျှ ဓားစာခံစိတ်ဖြစ်တာ၊ ကိုယ့်ကိုယ်ကိုအသုံးမကျတဲ့လူလို့ခံစားရတာ၊ဘယ်သူမှကိုယ့်အပေါ်မကောင်းဘူးဆိုတဲ့ခံစားချက်ဖြစ်တာ၊ ခိုကိုးရာမဲ့ဘဝများဖြစ်နေသလားလို့ သံသယတွေဝင်လာလေ့ရှိပါတယ်။

၅။အပြစ်တင်တဲ့အကျင့်စွဲကပ်ပြီးတစ်လောကလုံးကိုမကောင်းမြင်တဲ့လူတစ်ယောက်ဖြစ်သွားနိုင်ပါသေးတယ်။ ယောက်ျားတွေတစ်ယောက်မှ မကောင်းဘူး။ မိန်းမတွေ တစ်ယောက်မှမကောင်းဘူး။ ခုခေတ် ဘယ်လူမှ ကိုယ်ချင်းစာစိတ်မရှိဘူး။ မြန်မာပြည်ကလူတွေ လုပ်လိုက်ရင် တလွဲကြီးပဲ။ အစရှိသဖြင့် ဝါးလုံးရှည်နဲ့ရမ်းသမ်းပြီး အားလုံးကို အပြစ်မြင်နေတဲ့သူဟာ အပြစ်တင်တဲ့အကျင့်စွဲကပ်နေတာ နှစ်ပေါင်းများစွာကြာနေပြီလို့ ခန့်မှန်းနိုင်ပါတယ်။ အဲလို လူတွေဟာ သူတို့ရဲ့ အတိတ်က နာကျည်းမှုတွေက ရုန်းထွက်လိုစိတ်လည်း မရှိတော့ပါဘူး။

အပြစ်တင်ရခြင်း သည်ပင်လျှင် သူတို့ရဲ့ စိတ်ဖြေရာ၊ ဇိမ်ခံပစ္စည်းလိုဖြစ်နေပါပြီ။ ပတ်ဝန်းကျင်ကလည်း အဲလို လူတွေကို ရှောင်ကြည် ထားလေ့ရှိတတ်ပါတယ်။ သူတို့မှားနေရင်လည်း ဘယ်သူမှသူတို့ကို လမ်းပြပေးတာမျိုးမလုပ်ကြပါဘူး။ သူတို့ကိုယ်သူတို့လည်း အဟုတ်ကြီးထင်နေတတ်ပြန်ပါသေးတယ်။ တစ်ချို့အခြေအနေတွေမှာ အဲလိုလူတွေကို မြှောက်ပင့်ပေးပြီး အသုံးချနေတဲ့သူတွေတောင်ရှိနေတတ်ပါတယ်။ ဒီလိုအခြေအနေဟာ အပြစ်တင်တဲ့အကျင့်ဆိုးကြီး နှစ်အတန်ကြာစွဲကပ်သူတွေမှာတွေ့ရလေ့ရှိပါတယ်။

၆။ အပြစ်တင်တဲ့အကျင့်ဟာ အခြေအနေအချိန်အခါ အလိုက် လိုက်လျောညီစွာ ပြောင်းလွယ်ပြင်လွယ်ခြင်းကို နှောင့်နှေးစေပါတယ်။ ဥပမာ ကိုဗစ်ဖြစ်တာ တရုတ်ကြောင့်၊ အမေရိကန်ကြောင့်၊ အစိုးရမကောင်းတာကြောင့်လို့ပဲ အပြစ်တင်နေတဲ့လူတွေကို လေ့လာကြည့်ပါ။

သူတို့ စီးပွားရေးတိုးတက်ဖို့ အပြောင်းအလဲတွေကိုရင်ဆိုင်ဖို့ စွမ်းဆောင်ရည် အားနည်းနေလေ့ရှိပါတယ်။သူတို့မိသားစုအနာဂတ်အတွက် ကောင်းမွန်တဲ့အစီအမံတွေလုပ်ဖို့လည်း မေ့လျော့နေလေ့ရှိပါတယ်။ သူတို့အမှန်တကယ်ထိန်းချုပ်နိုင်တဲ့ သူတို့ရဲ့ အပြုအမူ၊ လုပ်ဆောင်ရွေးချယ်မှုတွေကို အာရုံစိုက်ရမယ့်အစား ပြင်ပအခြေအနေတွေကို အပြစ်တင်လိုက်ရင်းက ဖြစ်ပေါ်လာတဲ့စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်ရန် အလိုက်သင့်ပြောင်းလွယ်ပြင်လွယ်နိုင်စွမ်းတွေ အားနည်းသွားတတ်တာကို အထူးသတိပြုရပါမယ်။

၇။ အပြစ်တင်တဲ့အကျင့်ဟာ အပြစ်တင်ခြင်းကိုသာ ဆက်လက်မွေးဖွားပေးပါတယ်။ သုတေသနတွေအရ အလေ့အကျင့်တစ်ခုဟာ စွဲမြဲလာပြီဆိုရင် ဦးနှောက်ထဲမှာ ခိုင်မာတဲ့ အပြုအမူဆိုင်ရာလမ်းကြောင်းတွေဖြစ်လာပါတယ်။ အလေ့အကျင့်တစ်ခုကို အကြိမ်ကြိမ်လုပ်မိလေလေ ဦးနှောက်ကတစ်ဆင့် အလိုအလျောက်လုပ်ဖို့ လှုံ့ဆော်လေလေဖြစ်တာကြောင့် အပြစ်တင်လေ့ရှိကြသူတွေဟာ တစ်ရက်ထက်တစ်ရက် ပိုပိုပြီး အပြစ်တင်မိနေပါလိမ့်မယ်။ တူရာတူရာ စုဝေးတတ်တဲ့နိယာမအရ တစ်ခြားအပြစ်တင်တဲ့လူတွေနဲ့ ပေါင်းစည်းမိပြီး အပြစ်တင်တဲ့လုပ်ငန်းကို အလုပ်တစ်ခုလို ပြောဆိုဆွေးနွေးရင်း တန်ဖိုးရှိတဲ့အချိန်တွေကို အပြစ်တင်တာနဲ့ပဲ ကုန်ဆုံးသွားတတ်ပါတယ်။

ကျွန်ုပ်တို့အား Mitelar Facebook Page နှင့် Mitelar Youtube တို့တွင်၀င် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပါသည်။