Pfizer နဲ့ BioNTech တို့ပူးပေါင်းဖန်တီထွင်ခဲ့သော Covid-19 ကာကွယ်ဆေး

အမေရိကန်ဆေးဝါးကုမ္ပဏီ Pfizer နဲ့ ဂျာမန်သုတေသနကုမ္ပဏီ BioNTech တို့ပူးပေါင်းဖန်တီထွင်ခဲ့သော Covid-19 ကာကွယ်ဆေးကို ဗြိတိန်နိုင်ငံမှာ စတင်ထိုးနှံနေပြီဖြစ်ပါတယ်။ ဒီဆေးဝါးဟာ ကမ္ဘာပေါ်မှာ ပထမဆုံး လူထုဆီကို ပမာဏအမြောက်အများ ထိုးနှံခွင့်ရတဲ့ ကိုဗစ်ကာကွယ်ဆေးဖြစ်လာခဲ့ပါတယ်။

ဆေးဝါးထိုးနှံမှုကို အင်္ဂါနေ့ကမှ စတင်ခဲ့တာဖြစ်ပြီး ၂ ကြိမ်ထိုးနှံရမှာဖြစ်တာမို့ တိကျတဲ့ ရလဒ်တွေထွက်ပေါ်မလာသေးပါဘူး။ ဒါပေမယ့် Covid-19  ကနဦးရလဒ်တွေအရဆိုရင်တော့ အခြေအနေကောင်းတယ်လို့ ဗြိတိန်ကျန်းမာရေးအာဏာပိုင်တွေကဆိုထားတာမို့ တစ်ကမ္ဘာလုံးအတွက် မင်္ဂလာသတင်းဖြစ်လာခဲ့ပါတယ်။

ဒီဆေးက လွန်ခဲ့တဲ့ ဇူလိုင်လကတည်းက နောက်ဆုံးအဆင့်Clinical trial အဆင့်ကို စတင်နိုင်ခဲ့တာပါ။ အဲ့ဒီတုန်းက စမ်းသပ်မှုတွေမှာ ကာကွယ်ဆေး ထိုးနှံခြင်းခံရသူတွေနဲ့ ကာကွယ်ဆေးအစား ဆားရည်ကိုသာထိုးနှံရတဲ့သူတွေဆိုပြီး အုပ်စုနှစ်စုခွဲကာ စတင်စမ်းသပ်ခဲ့တာဖြစ်ပါတယ်။ ရလဒ်ကတော့ ဆေးဝါးထိုးနှံခဲ့သူပေါင်း ၄၄၀၀၀ မှာ ၉၄ ဦးသာ ရောဂါပိုးကူးစက်ခံခဲ့ရတာမို့ ရလဒ်ကောင်းခဲ့ပါတယ်။

အမေရိကန်ဆေးဝါးကုမ္ပဏီ Pfizer နဲ့ ဂျာမန်သုတေသနကုမ္ပဏီ BioNTech တို့ပူးပေါင်းဖန်တီထွင်ခဲ့သော Covid-19 ကာကွယ်ဆေးကို ဗြိတိန်နိုင်ငံမှာ စတင်ထိုးနှံနေပြီဖြစ်ပါတယ်။

FDA ရဲ့ သတ်မှတ်ချက်အရဆိုရင် ရောဂါကာကွယ်နိုင်စွမ်း ၅၀% နဲ့အထက်ရှိမယ်ဆိုရင် ရလဒ်ကောင်းလို့ သတ်မှတ်ပါတယ်။ Pfizer/BioNTech ရဲ့ ကာကွယ်ဆေးဟာ ၉၇% ကာကွယ်နိုင်စွမ်းရှိတယ်ဆိုတဲ့ ရလဒ်ကောင်းထွက်ခဲ့တာပါ။

ဗြိတိန်နိုင်ငံမှာ စတင်ထိုးနှံနေပြီဖြစ်တဲ့ ဒီကာကွယ်ဆေးဟာ ကြီးမားတဲ့ ဘေးထွက်ဆိုးကျိုးတွေ သက်ရောက်တယ်ဆိုတဲ့ သတင်းမျိုး မထွက်ပေါ်သေးပါဘူး။ ဒါ့အပြင် စေတနာ့ဝန်ထမ်းတွေနဲ့ စမ်းသပ်ရာမှာလည်း အနည်းငယ်ဖျားတာနဲ့ ဆေးထိုးခံရတဲ့နေရာမှာ ခဏတဖြုတ်ကိုက်ခဲတာကလွဲလို့ ကြီးမားတဲ့ ဘေးထွက်ဆိုးကျိုးပြသတာမျိုး မရှိခဲ့ပါဘူး။

ဗြိတိန်မှာသာမက တခြားတိုင်းပြည်တွေကို ဖြန့်ချီခွင့်ရမယ်ဆိုရင် ကျန်းမာရေးဝန်ထမ်းတွေ၊ နဂိုရောဂါအခံတစ်မျိုးမျိုးရှိသူတွေ၊ ကလေးသူငယ်တွေ နဲ့ သက်ကြီးရွယ်အိုတွေက ဒီကာကွယ်ဆေးကို အရင်ဆုံးရရှိမှာဖြစ်ပါတယ်။ Pfizer/BioNTech ဘက်ကတော့ ယခုနှစ်ကုန်မှာ ဆေးဝါး သန်း ၃၀-၄၀ ဝန်းကျင်လောက်ထုတ်လုပ်ဖို့ စီစဉ်ထားပြီး လာမယ့်နှစ်မှာ လူတိုင်း လိုအပ်သလောက် ရရှိနိုင်တဲ့အထိ အလုံအလောက်ထုတ်နိုင်ဖို့ ကြိုးပမ်းသွားမယ်လို့ ဆိုထားပါတယ်။

ဒီဆေးကို ဗြိတိန်မှာ စတင်ထိုးနှံနေပြီဖြစ်ပေမယ့် FDA ရဲ့ ခွင့်ပြုချက်မရသေးတာမို့ သာမန်လူထုတွေဆီကို အပြည့်အဝဖြန့်ချီဖို့က ယခုနှစ်ကုန် လောက်မှဖြစ်နိုင်ပါလိမ့်မယ်။

တကယ်တမ်းအားဖြင့်ပြောရရင် စမ်းသပ်မှုတွေက မပြီးဆုံးသေးပါဘူး။ CDC နဲ့ FDA တို့ရဲ့ စည်းကမ်းသတ်မှတ်ချက်အရဆိုရင်လည်း ဆေးဝါးရဲ့ လုပ်ဆောင်နိုင်စွမ်းကို နောက်ထပ် ၂ နှစ် စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။

Pfizer/BioNTech က သူတို့ရဲ့ ကာကွယ်ဆေးဟ သက်ကြီးရွယ်အိုတွေမှာ ဘယ်လောက် သက်ရောက်မှုရှိတယ်ဆိုတာကို ထုတ်မပြောထားပါဘူး။ ဒါပေမယ့် သူတို့ရဲ့ ဆေးဝါးကို ပထမဆုံးတရားဝင်ထိုးနှံခွင့်ရသူက ဗြိတိန်က အသက် ၉၀ ကျော် အမျိုးသမီးတစ်ဦးဖြစ်ပါတယ်။ ဗြိတိန်မှာ အဓိကထိုးနှံပေးနေတာကလည်း အသက် ၆၅ နှစ်အထက်တွေကိုပါ။ ဒါကြောင့် စိတ်ချရတယ်လို့ ဆိုလို့ရပါတယ်။

နောက်ထပ်မေးခွန်းတစ်ခုက ကလေးမှာ အမှန်တကယ်အလုပ်ဖြစ်ရဲ့လားဆိုတာပါပဲ။ ဒီဆေးဝါးကိုကလေးတွေမှာ စမ်းသပ်ထားတဲ့ ရလဒ်ကိုလည်း Pfizer/BioNTech ဘက်က တိတိကျက ထုတ်ပြန်ထားခြင်းမရှိသေးပါဘူး။ ၁၈ နှစ်နဲ့အထက် စမ်းသပ်ချက်တွေကိုသာ ထုတ်ပြန်ထားတာပါ။ ဒါပေမယ့် စက်တင်ဘာလကုန်မှာတော့ အသက် ၁၂ နှစ်အထိ လျှော့ချပြီး စမ်းသပ်မှုတွေ စတင်ပြုလုပ်နေပါတယ်။ ရလဒ်ကို မကြေညာသေးပေမယ့် ဗြိတိန်ကတော့ ကလေးတွေကိုလည်း ဆေးဝါးထိုးနှံပေးတော့မှာပါ။

 

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်းကြည့်ရှုနိုင်ရန်  Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး လိုက်ခ် နဲ့ ဖောလိုး လေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။