Disney Company ကိုတည်ထောင်ခဲ့သူ Walt Disney အကြောင်း

ဝေါ့ဒစ္စနေးဆိုတဲ့ နာမည်ဟာ အန်နီမေးရှင်းရုပ်ရှင်ကားတွေနဲ့ ရင်းနှီးနေကျ နာမည်တစ်လုံးဖြစ်ပြီး ကလေးတွေအတွက် အလုပ်တွေ အများကြီးလုပ်ပေးသွားခဲ့တဲ့ လူတစ်ယောက်လည်းဖြစ်ပါတယ်။

နာမည်ကျော် မစ်ကီးမောက်စ် ကာတွန်းရုပ်ပုံတွေက သူ ရေးဆွဲထားတဲ့ အရုပ်တွေဖြစ်ပြီး အမေရိကန်နိုင်ငံရဲ့ အန်နီမေးရှင်းလောကကို ဦးဆောင်ဖွင့်လှစ်ခဲ့တဲ့ စွန့်ဦးတီထွင်လုပ်ငန်းရှင်တစ်ယောက်လည်းဖြစ်ပါတယ်။ ဒီလို သူဌေးကြီး ဝေါ့ဒစ္စနေးရဲ့ ဘဝမှာ သင်ခန်းစာယူစရာတွေ အပြည့်ရှိနေပါတယ်။

ဘဝရည်မှန်းချက်တွေထားပြီး လမ်းကြောင်းမှန်ကို လျှောက်လှမ်းခဲ့ခြင်း

ဝေါ့ဒစ္စနေးဆိုတဲ့ လူက အင်မတန်တီထွင်နိုင်စွမ်းအပြည့်ရှိတဲ့ လူတစ်ယောက်လို့ လူတွေကသိကြပေမယ့် လူတွေ မသိသေးတဲ့ သူ့ရဲ့ အကြောင်းအရာတစ်ခုတော့ ရှိပါသေးတယ်။ အဲဒါကတော့ သူဟာ အင်မတန် မျိုးချစ်စိတ်ပြင်းထန်လှတဲ့ နိုင်ငံသားတစ်ယောက်ဖြစ်တယ်ဆိုတဲ့ အချက်ပါပဲ။ ဝေါ့ဒစ္စနေးဟာ ငယ်စဉ်အချိန်ကတည်းက နိုင်ငံကိုအလုပ်အကျွေးပြုစုဖို့အတွက် စိတ်အားထက်သန်ခဲ့သူတစ်ယောက်ဖြစ်ပြီး အသက် ၁၆ နှစ်အရွယ်မှာကတည်းက စစ်ထဲဝင်ဖို့ ကြိုးစားနေခဲ့သူတစ်ယောက်ပါ။

သူ့ဘက်ကတော့ အင်မတန်စိတ်အားထက်သန်နေခဲ့ပေမယ့် အသက်မပြည့်သေးတာကြောင့် စစ်တပ်က အလွယ်တကူ ဝင်ခွင့်လက်မခံခဲ့ပါဘူး။ ဒီလိုမျိုး တားဆီးပိတ်ပင်မှုတွေကြုံတွေ့ခဲ့ရတဲ့ ဝေါ့ဒစ္စနေးဟာ သူဖြစ်ချင်တဲ့အရာတစ်ခုကို လွယ်လွယ်ကူကူနဲ့ လက်မလျော့ခဲ့ပါဘူး။

စစ်ထဲကို ဝင်ချင်လွန်းတဲ့အတွက် သူလုပ်ခဲ့တာတစ်ခုကတော့ သူ့ရဲ့ မွေးသက္ကရာဇ်ကို လိမ်ညာပြီး အသက်တစ်နှစ်တိုးလိုက်တာပဲဖြစ်ပါတယ်။ သတ်မှတ်ထားတဲ့ အသက်အရွယ်ရောက်အောင် တုပပြီး ဖြည့်စွတ်လိုက်ချိန်မှာတော့ စစ်ထဲကို လိုက်ခွင့်ကြုံခဲ့ပါတယ်။ သူဟာ ပြင်သစ်နိုင်ငံမှာ ရှိနေတဲ့ ကြက်ခြေနီအသင်းမှာ တာဝန်ထမ်းဆောင်ခွင့်ရရှိခဲ့ပါတယ်။

ဝေါ့ဒစ္စနေးဆိုတဲ့ နာမည်ဟာ အန်နီမေးရှင်းရုပ်ရှင်ကားတွေနဲ့ ရင်းနှီးနေကျ နာမည်တစ်လုံးဖြစ်ပြီး ကလေးတွေအတွက် အလုပ်တွေ အများကြီးလုပ်ပေးသွားခဲ့တဲ့ လူတစ်ယောက်လည်းဖြစ်ပါတယ်။ စွန့်ဦးတီထွင်လုပ်ငန်းရှင်တစ်ယောက်လည်းဖြစ်ပါတယ်။ ဒီလို သူဌေးကြီး ဝေါ့ဒစ္စနေးရဲ့ ဘဝမှာ သင်ခန်းစာယူစရာတွေ အပြည့်ရှိနေပါတယ်။

မိမိမြတ်နိုးတဲ့ အရာကို တစ်စိုက်မတ်မတ်လုပ်ဆောင်ခြင်း

ဝေါ့ဒစ္စနေးဟာငယ်စဉ်အချိန်ကတည်းက ပုံဆွဲခြင်းအလေ့အကျင့်ကို စဉ်ဆက်မပြတ်ပြုလုပ်နေတာကို တွေ့ရှိခဲ့ရပါတယ်။ နောင်တစ်ချိန်မှာ ကလေး၊ လူကြီးမရွေး ကြိုက်နှစ်သက်လာမယ့် ကာတွန်းဇာတ်ကောင်တွေကို ဖန်တီးထုတ်လုပ်လာမယ့် ဝေါဒစ္စနေးရဲ့ ဘဝမှာ သူ ချစ်မြတ်နိုးရာ ကာတွန်းအရုပ်တွေ အမြဲတမ်း တီထွင်ရေးဆွဲကာ နေထိုင်ခဲ့သူပါ။ သူဟာ ကျောင်းသားဘဝမှာကတည်းက ပန်းချီကားတွေရေးဆွဲခြင်း၊ အိမ်နီးနားချင်းတွေဆီကို သူဆွဲထားတဲ့ အရုပ်တွေရောင်းချပြီး မုန့်ဖိုးရှာခဲ့တာတွေကို ပြုလုပ်လေ့ရှိခဲ့သူတစ်ယောက်ပဲဖြစ်ပါတယ်။

ဒါ့အပြင် ကာတွန်းဇာတ်ကောင်တွေနဲ့  အသက်မွေးဝမ်းကျောင်းပြုလုပ်ဖို့ ငယ်စဉ်အချိန်ကတည်းက စိတ်ကူးရှိခဲ့ပြီး နာမည်ကျော် သတင်းစာတိုက်ကြီးတွေမှာ ပင်တိုင်ကာတွန်းရေးဆွဲသူ အလုပ်ကိုလည်း လုပ်ချင်ခဲ့သူတစ်ယောက်ပါ။ ဒီလိုမျိုး ငယ်ဘဝမှာ ကာတွန်းအရုပ်တွေကို အမြတ်တနိုးရေးဆွဲပြီး နေထိုင်လာခဲ့တဲ့သူဟာ အသက်ကြီးလာချိန်မှာတော့ အန်နီမေးရှင်းရုပ်ရှင်လောကကြီးတစ်ခုလုံးကို တစ်ခေတ်ဆန်းအောင် မှတ်ကျောက်တင်ပေးခဲ့တဲ့ အထင်ကရ ပုဂ္ဂိုလ်တစ်ယောက်ဖြစ်လာခဲ့ပါတယ်။

အရှုံးတွေရင်ဆိုင်ခဲ့ချိန်မှာတောင် အိပ်မက်တွေကို မစွန့်ပစ်ခဲ့ခြင်း

အခုအချိန်မှာတော့ ကလေးတိုင်းလိုလိုသိကြပြီး ရုပ်ရှင်လောကတစ်ခုလုံးက လေးစားရတဲ့ ဝေါ့ဒစ္စနေးဆိုတဲ့ လူတစ်ယောက်ဖြစ်လာခဲ့ပေမယ့် သူ့ရဲ့ ငယ်စဉ်လက်တွေ့ဘဝကတော့ အများ ထင်သလောက် မချောမွေ့ခဲ့ပါဘူး။ ကာတွန်းတွေပဲ သိပြီး၊ ကာတွန်းတွေကိုချစ်တဲ့ သူဟာ အသက် (၁၉)နှစ်မှာတော့ သူငယ်ချင်းဖြစ်သူ Ub Iwerks နဲ့ အတူ သူ့ဘဝရဲ့ ပထမဆုံးစီးပွားရေးလုပ်ငန်း ကာတွန်းစတူဒီယိုတစ်ခုကို တည်ထောင်ခဲ့ပါတယ်။အဲဒီလုပ်ငန်းက အရှုံးတွေနဲ့ ရင်ဆိုင်တွေ့ခဲ့ပြီး ဘယ်သူမှ လာရောက်အားမပေးတာကြောင့် ဆိုင်ဖွင့်ပြီး တစ်လအကြာမှာ ပိတ်ပစ်လိုက်ခဲ့ရပါတယ်။ဒီလိုမျိုး ပွဲဦးထွက်မှာပဲ အရှုံးနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ဒစ္စနေးဟာ သူ ဖြစ်ချင်တာကို အရှုံးလုံးဝမပေးဘဲ နောက်ထပ်တစ်နေရာမှာ ဒုတိယအကြိမ်အဖြစ် စီးပွားရေးပြန်လုပ်ဖို့ ကြိုးစားခဲ့ပါတယ်။

အဲဒီ စတူဒီယိုနာမည်ကိုတော့ Laugh-O-Grams လို့ ပေးထားခဲ့ပြီး ဒီကုမ္ပဏီလည်း သိပ်မကြာခင်မှာပဲ အရှုံးပေါ်လာတာကြောင့် ဒေဝါလီခံခဲ့ရပါတယ်။ဒီလို စိတ်ဓာတ်ကျလောက်စရာ အခြေအနေပေါင်းစုံကို ရင်ဆိုင်တွေ့ခဲ့ရပေမယ့်လည်း ဝေါ့ဒစ္စနေးက ဘယ်တော့မှ သူ့အိပ်မက်တွေကို အရှုံးမပေးခဲ့ပါဘူး။ ဒီလို အလွယ်တကူအရှုံးမပေးဘဲ ဆက်လက်ရင်ဆိုင်ခဲ့တာကြောင့် အခုအချိန်အထိ သူ့ရဲ့နာမည်က ရုပ်ရှင်လောကနဲ့ အန်နီမေးရှင်းလောကမှာ ကြယ်တစ်ပွင့်လို အထင်အရှားရှိနေခဲ့တာပဲဖြစ်ပါတယ်။

အမှားတွေကနေ သင်ခန်းစာယူခြင်း

ကာတွန်းတွေကိုသာ ရေးဆွဲလိုစိတ်ရှိပြီး Animator တစ်ယောက်သာဖြစ်လိုတဲ့ ဝေါ့ဒစ္စနေးရဲ့ ဘဝမှာလည်း အရှုံးတွေ၊ ခေါင်းပုံဖြတ် အမြတ်ထုတ်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရသေးတယ်။ အဲဒီထဲက တစ်ခုကတော့ ၁၉၂၃ ခုနှစ်မှာဖြစ်သွားခဲ့တဲ့ ဖြစ်ရပ်တစ်ခုပါ။ ထိုစဉ်အချိန်က ရုပ်ရှင်လောကသားတွေရဲ့စုရပ်နေရာဖြစ်တဲ့ ဟောလိဝုဒ်ကို ဝေါ့ဒစ္စနေး ရောက်ရှိသွားခဲ့ပါတယ်။ သူ ရောက်ရှိသွားတဲ့ အကြောင်းအရင်းကလည်း Alice’s Wonderland ဇာတ်လမ်းကို သူ ကိုယ်တိုင် အန်နီမေးရှင်းအရုပ်တွေကို ဆွဲထားပြီး ရုပ်ရှင်ရိုက်ကူးဖို့အတွက် ရုပ်ရှင်စတူဒီယိုကြီးတွေဆီကို သွားကမ်းလှမ်းခဲ့တာပါ။

ထိုစဉ်အချိန်က အသတ်အပုတ်ရုပ်ရှင်တွေ ဈေးကွက်အတွင်း ဈေးကောင်းရနေတဲ့အချိန်ဖြစ်တာကြောင့် ဘယ်ကုမ္ပဏီကမှ ဝေါ့ဒစ္စနေးရဲ့ ကာတွန်းလက်ရာတွေကို လက်သင့်မခံခဲ့ကြပါဘူး။ ဒီလိုအချိန်မှာပဲ Margaret J. Winkler ဆိုတဲ့ အမျိုးသမီးကြီးတစ်ယောက်က သူ့ရဲ့ အရုပ်တွေကို စိတ်ဝင်စားတာကြောင့် အလုပ်လက်ခံဖို့ စကားစပြောခဲ့ပါတယ်။ ဒီနောက်မှာတော့  Margaret J. Winklerနဲ့ သူ့ယောက်ျားဖြစ်သူက သူ့ရဲ့ အရင်းနှီးဆုံးသူငယ်ချင်းမိတ်ဆွေတွေဆီ ချည်းကပ်ကာ သူရေးဆွဲထားတဲ့ ကာတွန်းရုပ်တွေနဲ့ဇာတ်လမ်းတွေကို ခိုးယူပြီး ကိုယ်ပိုင်ဇာတ်လမ်းနဲ့ အရုပ်တွေဖြစ်အောင် ပြောင်းလဲဖို့အတွက် ကြိုးစားနေတယ်ဆိုတာကို သူသိသွားခဲ့ပါတော့တယ်။ဒီနောက်မှာတော့ သူဟာ အဲဒီရုပ်ရှင်စတူဒီယိုကနေ ထွက်ပြေးလာခဲ့ပါတော့တယ်။ ဒီ ဖြစ်ရပ်က ဝေါ့ဒစ္စနေးအတွက် ရင်ဘတ်ထဲမှာ ဆူးအကြီးကြီးတစ်ချောင်းပေါက်သလိုဖြစ်ခဲ့ပြီး နောင်တစ်ချိန်မှာတေ့ သူ့ရဲ့ ကာတွန်းတွေနဲ့ ပတ်သက်လို့ မူပိုင်ခွင့်ရောင်းချတာမျိုးတွေကို ဘယ်တော့မှ မပြုလုပ်ခဲ့ပါဘူး။

ပထမဆုံးရရှိတဲ့ အောင်မြင်မှုမှာတင် မိန်းမောမနေခဲ့ခြင်း

ဝေါ့ဒစ္စနေးအတွက် ပြင်းထန်တဲ့ ရုန်းကန်ရမှုတွေကို ကျော်ဖြတ်အပြီးမှာတော့ ကမ္ဘာ့ ပထမဆုံးအသံထွက်အန်နီမေးရှင်းရုပ်ရှင်ကားတစ်ကားကို ဖန်တီးထုတ်လုပ်နိုင်ခဲ့ပါတယ်။ အဲဒီရုပ်ရှင်နာမည်ကတော့ Steamboat Willie လို့ ခေါ်ပြီး ကြွက်ကလေး မစ်ကီးမောက်စ်ရဲ့ သင်္ဘောတစ်စင်းပေါ်က ဇာတ်လမ်းတိုလေးတစ်ခုသာဖြစ်ပါတယ်။ ကြာချိန် ၈မိနစ်လောက်သာ ရှိတဲ့ အဲဒီ အန်နီမေးရှင်းရုပ်ရှင်ကားက ကမ္ဘာပေါ်မှာ ပထမဆုံးပေါ်ထွက်လာတဲ့ အသံထွက်အန်နီမေးရှင်းရုပ်ရှင်ကားတစ်ကားဖြစ်ခဲ့ပြီး ဝေါ့ဒစ္စနေးရဲ့ နာမည်ကလည်း တစ်ဟုန်းထိုးကျော်ကြားလာခဲ့ပါတော့တယ်။

စီးပွားရေးလုပ်ငန်းရှင်တွေ ဝိုင်းလာပြီး ဝင်ငွေအရကြမ်းလာခဲ့တဲ့ သူဟာ အဲဒီအဆင့်မှာတင် အောင်မြင်မှုမှာမိန်းမောမနေခဲ့ပါဘူး။ ဒီနောက်မှာတော့ ဒစ္စနေးစတူဒီယိုကို တည်ထောင်ကာ နောက်ထပ် အသံထွက်အန်နီမေးရှင်းရုပ်ရှင်ကားတိုလေးတွေကို ဖန်တီးထုတ်လုပ်ခဲ့ပါတော့တယ်။၁၉၅၅ ခုနှစ်မှာပဲ ကမ္ဘာပေါ်က ပထမဆုံး Disneyland ကို ဖွင့်လှစ်ခဲ့ပြီး ဖွင့်ဖွင့်ပြီးချင်း တစ်ခဏအတွင်းမှာပဲ အင်မတန် လူဝင်များလာကာ အောင်မြင်ကျော်ကြားလာတဲ့ လည်ပတ်စရာနေရာတစ်ခု ဖြစ်လာခဲ့ပါတော့တယ်။

အဲဒီနေရာက ကလေးတွေအတွက်တင်သာမက လူကြီးတွေကိုပါ အသက်ပြန်ငယ်သွားအောင်လုပ်နိုင်တဲ့ မှော်နေရာတစ်ခုလို့တောင် ထိုစဉ်အချိန်က မီဒီယာတွေက တင်စားခေါ်ဝေါ်ခဲ့ကြပါတယ်။ ပထမဆုံး Disneyland ဖွင့်လှစ်ပြီး (၁၀) နှစ်အကြာမှာ Disney World လို့ ခေါ်တဲ့ နောက်ထပ်ပန်းခြံကြီးတစ်ခုကို ဆောက်လုပ်ဖို့ စီစဉ်ခဲ့ပါတယ်။ ဒါပေမယ့် ကံဆိုးစွာနဲ့ပဲ အဲဒီပန်းခြံကြီးတည်ဆောက်မှုမပြီးစီးခင် အချိန်မှာပဲ ဝေါ့ဒစ္စနေးက ကင်ဆာရောဂါရဲ့  ရိုက်ခတ်မှုကြောင့် ကွယ်လွန်သွားခဲ့ပါတော့တယ်။ ကွယ်လွန်သွားပေမယ့် သူမျိုးစေ့ချပေးထားခဲ့တဲ့ အန်နီမေးရှင်းအရုပ်တွေ၊ အန်နီမေးရှင်းအတတ်ပညာနဲ့ ဈေးကွက်ချဲ့ထွင်မှုတွေနဲ့ The Walt Disney Company က ယနေ့ထက်တိုင် အလွန်အောင်မြင်ကျော်ကြားနေဆဲပဲဖြစ်ပါတယ်။

ကျွန်ုပ်တို့အား Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube တို့တွင်၀င် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပါသည်။