Bulling လုပ်ခြင်း ဆိုတာ ဘာလဲ?

Bullying လုပ်ခြင်း ဆိုတာက အနိုင်ကျင့်ခြင်း၊ အခြားတစ်ယောက်ယောက်ကို ရုပ်ပိုင်းဆိုင်ရာအားဖြင့်သော်လည်းကောင်း စိတ်ပိုင်းဆိုင်ရာအားဖြင့်သော်လည်းကောင်း ထိခိုက်အောင် လုပ်ခြင်းတစ်မျိုးပါ။ ရုပ်ပိုင်းဆိုင်ရာအားဖြင့် ဒဏ်ရာ အနာတရဖြစ်သွားအောင် လုပ်မိခြင်းမှသာ နာကျင်ရတာမဟုတ်ပါဘူး။ ကိုယ့်အတွက် ဘာရယ်မဟုတ် ပြောဆိုလိုက်တာမျိုး၊ စနောက်လိုက်တာမျိုး၊ ဆိုရှယ်မီဒီယာပေါ်မှာ ကွန့်မန့်လေးတစ်ကြောင်းရေးလိုက်တာမျိုးနဲ့တင် တစ်ဖက်သားရဲ့စိတ်ကို ထိခိုက်နစ်နာသွားစေနိုင်ပါတယ်။ ဒီနေ့ခေတ်မှာ ဆိုရှယ်မီဒီယာခေတ်စားလာခြင်းက ကောင်းသောအရာတွေရှိသလို ဆိုးကျိုးတွေလည်း အများကြီးရှိပါတယ်။

အွန်လိုင်းပေါ်ကနေ လူတစ်ယောက်နဲ့တစ်ယောက်လည်း Bully လုပ်မှန်းမသိ လုပ်မိနေတာမျိုးတွေလည်း ရှိလာပါတယ်။ ရုပ်ပိုင်းဆိုင်ရာဒဏ်ရာရသွားခြင်းက ဆေးကုသလို့ ပျောက်ကင်းနိုင်ပေမယ့် စိတ်ပိုင်းဆိုင်ရာဒဏ်ရာကတော့ မမြင်နိုင်တဲ့အတွက်ကြောင့်ကို ကုသရ ခက်ခဲပါတယ်။ ပျောက်ကင်းဖို့လည်း ခက်ပါတယ်။ လူတစ်ယောက်မှာ အရေးအကြီးဆုံးကလည်း စိတ်ဖြစ်တဲ့အတွက် စိတ်ထိခိုက်ခြင်းကြောင့် ဘဝတစ်ခုလည်း နလန်မထူနိုင်တော့တဲ့အထိ ဖြစ်စေနိုင်ပါတယ်။

စိတ်ထိခိုက်ခြင်းက ဆိုးဝါးလားမဆိုးဝါးလားဆိုတာ ဇွဲကပင်တောင်ပေါ်ကနေ ဆူဆိုက်လုပ်သွားတယ်ဆိုတဲ့ကလေးတွေ၊ နာမည်ကြီးအောင်မြင်နေပေမယ့် ကိုယ့်ကိုယ်ကိုယ်သတ်သေသွားတဲ့ ကိုရီးယားမင်းသမီး၊ မင်းသားတွေကို ကြည့်ရင်သိနိုင်ပါတယ်။ဒီနေ့ခေတ်လို အစစအရာရာတိုးတက်နေတယ်လို့ ထင်ရတဲ့အချိန်မျိုးမှာ လုံးဝမထင်မှတ်ထားတဲ့ ဆိုးကျိုးတွေကတော့ Bully အလွယ်တကူလုပ်နေကြခြင်းပါ။

Bulling လုပ်ခြင်း ဆိုတာက အနိုင်ကျင့်ခြင်း၊ အခြားတစ်ယောက်ယောက်ကို ရုပ်ပိုင်းဆိုင်ရာအားဖြင့်သော်လည်းကောင်း စိတ်ပိုင်းဆိုင်ရာအားဖြင့်သော်လည်းကောင်း ထိခိုက်အောင် လုပ်ခြင်းတစ်မျိုးပါ။ ရုပ်ပိုင်းဆိုင်ရာအားဖြင့် ဒဏ်ရာ အနာတရဖြစ်သွားအောင် လုပ်မိခြင်းမှသာ နာကျင်ရတာမဟုတ်ပါဘူး။ ကိုယ့်အတွက် ဘာရယ်မဟုတ် ပြောဆိုလိုက်တာမျိုး၊ စနောက်လိုက်တာမျိုး၊ ဆိုရှယ်မီဒီယာပေါ်မှာ ကွန့်မန့်လေးတစ်ကြောင်းရေးလိုက်တာမျိုးနဲ့တင် တစ်ဖက်သားရဲ့စိတ်ကို ထိခိုက်နစ်နာသွားစေနိုင်ပါတယ်။

ဆိုရှယ်မီဒီယာပေါ်မှာ ကိုယ်နဲ့အမြင်မတူတာတွေ့တဲ့အခါ ကွန့်မန့်လေးတစ်ကြောင်း ဝင်ရေးလိုက်မယ်၊ ဝင်ဆဲလိုက်မယ်ဆိုတာ ဘာမှမဟုတ်ဘူးရယ်လို့ ထင်ရပေမယ့် ခံရတဲ့သူဘက်ကနေကြည့်ရင်တော့ အများနဲ့တစ်ယောက်ဖြစ်သလို၊ နေ့စဉ် ဒါကိုကြုံတွေ့နေရခြင်းဟာ ခံရသူအတွက်က နေ့တိုင်းနာကျင်နေရမှာပါ။ နေ့တိုင်း Bully လုပ်ခြင်းကို ခံစားနေရတာပါ။ အမြင်မတော်တာတွေ့ရင် ဝင်မပြောရဘူးလားဆိုတော့မဟုတ်ပါဘူး။ လူတိုင်းမှာ မတူညီတဲ့အမြင်တွေရှိကြမှာပါ။ လူတွေက ရုပ်ချင်းသာ ချွတ်စွပ် ဆင်တူတူနေနိုင်ပေမယ့် စိတ်ထားချင်းကျတော့ လုံးဝတစ်ထပ်တည်း တူနေဖို့မဖြစ်နိုင်ပါဘူး။

လူတစ်ယောက်နဲ့တစ်ယောက်ရဲ့ မိသားစုအသိုင်းအဝန်းမတူညီမှုတွေ၊ ခံစားချက်မတူညီမှုတွေ၊ အတွေ့အကြုံဖြတ်သန်းမှုမတူညီမှုတွေကြောင့်ပဲ အတွေးအခေါ်ချင်းမတူနိုင်သလို၊ ခံယူချက်ခြင်းလည်းမတူညီနိုင်ပြန်ပါဘူး။ အဲဒါကြောင့် ဒီနေ့ခေတ်လို လူမှုကွန်ရက်ပေါ်မှာ အားလုံးပွင့်လင်းစွာချပြလာတဲ့အခါမှာလည်း ကိုယ့်စိတ်နဲ့တစ်ထပ်တည်းတူနိုင်တဲ့လူမျိုး လုံးဝရှိနိုင်မှာမဟုတ်ပါဘူး။အဲဒါဆိုရင် ကိုယ့်အမြင်တစ်ခုတည်းက မှန်နေသလားဆိုပြန်တော့လည်း မဖြစ်နိုင်ပါဘူး။

အခြားသူရဲ့အမြင်ကလည်း မှန်နေသလားဆိုတော့ အပြည့်အဝမပြောနိုင်သလို၊ ကိုယ့်အမြင်ကသာ မှန်တယ်လို့လည်း တထစ်ချမှတ်ယူလို့မရနိုင်ပါဘူး။ ကိုယ်လက်ခံလို့ရတာမျိုးဆို ပွင့်လင်းစွာလက်ခံမယ်၊ ကိုယ်လုံးဝလက်မခံနိုင်တာမျိုးဆို အပြုသဘောနဲ့ လက်မခံနိုင်ကြောင်းပြောမယ်၊ လူချင်းမတူလို့ စိတ်ထားချင်းမတူဘူးဆိုတာ လက်ကိုင်ထားမယ်၊ ကိုယ့်အတွက် ဗဟုသုတတိုးစေမယ်ဆိုရင် မှတ်သားလိုက်မယ့် စသဖြင့် ကိုယ့်အတွက် အကောင်းဘက်ကနေ ရနိုင်သမျှကို ယူထားနိုင်တာအကောင်းဆုံးပါ။

ကိုယ်လက်မခံနိုင်တာကို အပြုသဘောနဲ့ ပြောပြမယ်၊ ကိုယ့်ခံယူချက်ကိုလည်း နားလည်အောင်ပြောပြမယ်၊ တဖက်ရဲ့ခံယူချက်ကိုလည်း နားထောင်ပေးမယ်ဆိုတာမျိုးက ဘယ်သူ့ကိုမှမထိခိုက်စေတော့ပါဘူး။များသောအားဖြင့်က တစ်ယောက်နဲ့တစ်ယောက် လမ်းတွေ့လို့နှုတ်ဆက်ရင်တောင် “ဟယ်…..မင်းတော်တော်ဝလာတာပဲ” “မင်းလစာက ငါ့ထက်နည်းတယ်၊ ငါက ဘယ်လောက်တောင်ရတာ…..” “မင်းကဘယ်တော့မှအသားဖြူလာမယ့်ကောင်မဟုတ်ပါဘူး” “ဟယ်….နင်ကလည်း ပိန်လိုက်တာ ရောဂါသည်ကျနေတာပဲ” စတဲ့ စကားမျိုးတွေကတောင် တစ်ဖက်သားကို ထိခိုက်စေတဲ့ Bully လုပ်နည်းတစ်မျိုးပါ။

ကိုယ့်ကို ကိုယ်မကြိုက်တာမျိုးလာပြောရင် မခံနိုင်သလိုပဲ အခြားလူတစ်ယောက်ကိုလည်း မကြိုက်မယ့်ကိစ္စမျိုးနဲ့ စိတ်အနှောင့်အယှက်ဖြစ်အောင် မပြောသင့်ပါဘူး။ ဆိုရှယ်မီဒီယာခေတ်စားလာတော့ ပိုသိသာလာပါတယ်။လူတိုင်းက ပေါ်ပြူလာဖြစ်တာကို စိတ်ဝင်စားကြတာချည်းပါ။ လူတိုင်း သူ့လွတ်လပ်ခွင့်နဲ့သူမို့ သူတို့ဆိုရှယ်မီဒီယာပေါ် သူတို့ကြိုက်နှစ်သက်ရာတင်ကြမှာပါပဲ။ ကိုယ့်စိတ်နဲ့မတွေ့တာနဲ့ တစ်ဖက်သားရဲ့ မိဘတွေဆွေမျိုးတွေအထိ ထိုခိုက်နစ်နာအောင် ပြောဆိုကြ ဆဲကြ အဲဒီလို ပြောတတ်တဲ့လူ့အဖွဲ့အစည်းတစ်ခုဖြစ်လာမယ်ဆိုရင် ကိုယ့်ရဲ့မိဘမောင်နှမသားသမီးတွေလက်ထက်ကျရင်ရော အပြောလွတ်နိုင်ပါ့မလား။ အဲဒီလို တစ်ယောက်ကိုတစ်ယောက် ခပ်လွယ်လွယ် အပြစ်တင်ဝေဖန်ဆဲဆိုပြီး စိတ်ထိခိုက်နစ်နာအောင်ပြောတတ်တဲ့လူမှုအဖွဲ့အစည်းကြီးက နေပျော်စရာကောင်းနိုင်ပါ့မလား။ကိုယ်မကြိုက်တဲ့အပြုအမူ၊ ကိုယ်မကြိုက်တဲ့စကားတွေကို ကိုယ့်ကိုလာပြောရင်မကြိုက်သလိုပဲ အခြားသူကိုပြောရင်ကြိုက်ပါ့မလားရယ်လို့ တွေးပြီးမှ ပြောတာ နှစ်ဦးနှစ်ဖက်အတွက် ပိုအဆင်ပြေပါတယ်။

အဲဒါကြောင့် စကားတစ်ခုပြောမယ်ဆိုရင် ဒီစကားက မှန်ကန်ရဲ့လား၊ အကူအညီဖြစ်ရဲ့လား၊ တဖက်လူအပေါ်ကြင်နာမှုရှိရဲ့လား၊ မဖြစ်မနေပြောဖို့လိုအပ်ရဲ့လားဆိုတာမျိုးတွေ ပြန်တွေးတတ်ဖို့လိုပါတယ်။ “If you’re insulting people on the Internet, you must be ugly on the inside.”  အင်တာနက်ပေါ်မှာမှ မဟုတ်ပါဘူး။ အပြင်လောကမှာပဲဖြစ်ဖြစ် ဆိုရှယ်မီဒီယာပေါ်မှာပဲဖြစ်ဖြစ် အခြားလူတစ်ယောက်ကို သေချာမသိဘဲ အလွယ်တကူ အပြစ်တင်ဝေဖန်ပြီး Bully လုပ်တတ်ခြင်းဟာ သင့်ရဲ့အတွင်းစိတ်ဘယ်လောက်ရုပ်ဆိုးနေသလဲဆိုတာ ဖော်ပြနေတာပဲဖြစ်ပါတယ်။

“When you judge another, you do not define them, you define yourself.”
Wayne Dyer ပြောခဲ့တဲ့စကားဖြစ်ပါတယ်။ အခြားလူတစ်ယောက်ကို ဝေဖန်လိုက်ခြင်းက ထိုလူကို အဓိပါ္ပယ်သတ်မှတ်လိုက်တာမဟုတ်ဘဲသင့်ကိုယ်သင်အရင်အဓိပါ္ပယ်သတ်မှတ်လိုက်တာပဲဖြစ်ပါတယ်။

ကျွန်ုပ်တို့အား Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube တို့တွင်၀င် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပါသည်။