သမိုင်းထဲက ပတ္တမြားငမောက်

မြန်မာနိုင်ငံဟာ သယံဇာတများစွာပေါကြွယ်ဝတဲ့နိုင်ငံ ဖြစ်တာနဲ့အညီ မြန်မာမင်းအစဥ်အဆက်ထိန်းသိမ်းခဲ့တဲ့ ကျောက်မျက်ရတနာတွေလည်းများစွာ ရှိပါတယ်။ ထိုအထဲမှာ ပတ္တမြားတွေလည်းပါဝင်ခဲ့ပါတယ်။ ရတနာပုံရွှေတိုက် တော် စာရင်းမှာပါဝင်တဲ့ နန်းစဥ်ပတ္တမြားတွေကတော့

၁။ သက္ကရာဇ် ၁၀၃၂ (အေဒဒီ ၁၆၆၁)လောက်ကတည်းက ရှိခဲ့တဲ့ အလေးချိန်ရတီကိုးဆယ်ကျော်ရှိသော ပတ္တမြားငမောက်

၂။ ဗဒုံမင်းလက်ထက်ကတည်းက ရှိခဲ့တဲ့ ရတီချိန် နှစ်ဆယ်ခန့်ရှိတဲ့လှော်ကားတင်ကလေး လို့ခေါ်တဲ့ ပတ္တမြား

၃။ သက္ကရာဇ် ၁၁၉၉ ( အေဒီ ၁၈၃၇)ခုနှစ်ရွှေဘိုမင်းလက်ထက်ကတည်းက ရှိခဲ့တဲ့ ရတီ ချိန်လေးဆယ်ကျော်လှော်ကားတင်ကြီး လို့ခေါ်တဲ့ ပတ္တမြား

၄။အလေးချိန် လေးဆယ်ရတီရှိ ဆင်ဖြူတော် လို့ခေါ်တဲ့ ပတ္တမြား

၅။ အလေးချိန် ဆယ်ရတီရှိ ဆင်မတော် လို့ခေါ်တဲ့ ပတ္တမြား

 

မြန်မာနိုင်ငံဟာ သယံဇာတများစွာပေါကြွယ်ဝတဲ့နိုင်ငံ ဖြစ်တာနဲ့အညီ မြန်မာမင်းအစဥ်အဆက်ထိန်းသိမ်းခဲ့တဲ့ ကျောက်မျက်ရတနာတွေလည်းများစွာ ရှိပါတယ်။ ထိုအထဲမှာ ပတ္တမြားတွေလည်းပါဝင်ခဲ့ပါတယ်။

၆။ စံထားအသုံးပြုရတဲ့ အချိန်ခြောက်ရတီရှိတဲ့ စံကျော်တော်လို့ခေါ်တဲ့ ပတ္တမြား တို့ဖြစ်ပါတယ်။ ဒီ ပတ္တမြားတွေထဲက ကျန် ပတ္တမြားအကြောင်းကိုသိပ်မသိကြပေမယ့် ပတ္တမြားငမောက် ဆိုတဲ့နာမည် ကိုတော့ အားလုံးကြားဖူးကြမှာပါ။

ချင်းတွင်းနယ်သားငမောက်ဟာ မိုးကုတ်မှာလယ်ယာစိုက်ပျိုးပြီးနေထိုင်ရင်း တစ်ညမှာ သူ့ရဲ့ခြံထဲက ပျိုးပျိုးပျက်ပျက်လင်းနေတာတွေ့ခဲ့ပါတယ်။ သွားကြည့်လိုက်တော့ အနီရောင်ကျောက် ပတ္တမြားကြီးတစ်လုံးကိုတွေ့ခဲ့ပါတယ်။ ဒါနဲ့ ငမောက်ဟာ ဝမ်းသာသွားပြီး ပတ္တမြားကိုနှစ်ပိုင်း ပိုင်းလိုက်ပါတယ်။

တစ်ပိုင်းကို‌ယောက်ဖြစ်သူအားပေးပြီး တရုတ်နိုင်ငံမှာသွားရောင်းဖို့စေလွှတ်လိုက်ပြီး ကျန်တစ်ပိုင်းကိုတော့ သက္ကရာဇ် ၁၀၂၃ ခုနှစ် ငါးထပ်ကြီး ဒါယကာ ပင်းတလဲမင်း လက်ထက် အင်းဝမြို့ တော်သို့သွားရောက်ဆက်သရာ ဘုရင်မင်းမြတ်လည်း နှစ်သက်ဝမ်းသာပြီး ငမောက်အား ဆုတော်လာဘ်တော်များ ချီးမြှင့်တော်မူလိုက်ပါတယ်။ ငမောက်က ဆက်သသောကြောင့် ပတ္တမြားကြီးရဲ့ နာမည်ကို ပတ္တမြားငမောက် လို့ခေါ်တွင်ခဲ့ပါတယ်။

တရုတ်ထံသို့ရောက်သွားတဲ့ ပတ္တမြားဟာလည်း တရုတ်မှာမငြိမ်မသက်ဖြစ်ပြီး မြန်မာနိုင်ငံသို့ တိမ်းရှောင်လာတဲ့ တရုတ်လူမျိုးနဲ့ အတူ မြန်မာပြည်ကို ပြန်ပါလာခဲ့ပါတယ်။ ထိုတရုတ်ကုန်သည်ကလည်း ပတ္တမြားကို ဘုရင်မင်းမြတ်ကို ဆက်သရာ ဘုရင်ကလည်း ဝမ်းသာအားရ ဆုတော်ငွေများပေးသနားခဲ့ပါတယ်။

တရုတ်ကုန်သည်ကြီးဆီကရတဲ့ ပတ္တမြားတစ်ပိုင်းကိုယခင် ရှိတဲ့ ပတ္တမြားတစ်ပိုင်းနဲ့ဆက်ကြည့်ရာ တစ်လုံးတည်းရှုမငြီးတဲ့ ကျောက်ကြီး ဖြစ်လာတဲ့ အခါမှာတော့ ငမောက်အားအားလုံးမဆက်ရကောင်းလားဟု အမျက်မာန်ရှတော်မူပါတယ်။ ထို့နောက် ငမောက်၏ဆွေ(၇)ဆက်မျိုး(၇) ဆက်ကိုကွပ်မျက်တော်မူခဲ့ပါတယ်။ ငမောက်နှင့်ဆွေမျိုးများသေဆုံးခဲ့တဲ့ နေရာကို လောင်းစင်ရွာဟူ၍၎င်း၊ ရေနှင့်ဝေးသောနေရာ ဖြစ်၍ရေဝေးရွာဟု၍၎င်း ခေါ်ခဲ့ပြီး အခုထက်တိုင်ရေဝေးရွာဆိုပြီး ရှိနေပါသေးတယ်။

ပတ္တမြားငမောက်ရဲ့ အလေးချိန်ကတော့ရတီ (၉၀) ရှိပြီး လုံးချောသွေးထားကာ အရည်အသွေးအလွန်ကောင်းကြောင်းသိရပါတယ်။ ဖြူဖွေးသော ဝါဂွင်း (သို့မဟုတ်) နွားနို့အတွင်းသို့ ဒီ ပတ္တမြားကိုထည့်လိုက်လျှင် ဝါဂွင်းနှင့်နွားနို့ပင်တလျှမ်းလျှမ်းဖြာထွက်လာပါသေးတယ်။ လက်ထဲမှာ ဘယ်လောက်ကြာကြာဆုပ်ထားပေးမယ့် အေးမြနေပါတယ်။ ရေစိမ်သောက်လျှင် လည်ချောင်းနာ ၊ရင်ပူ ၊ခေါင်းကိုက်၊ ဇက်လေး၊ မူးမော်၊ မောပန်းတာတွေပျောက်ပြီး အားအင်ကို တိုးစေပါတယ်။ မျက်နှာကိုပွတ်သပ်ပေးပါက အေးမြပြီး ၊ ဝက်ခြံတင်းတိတ် ကင်းစေတယ်လို့အဆိုရှိပါတယ်။

ဒီနာမည်ကျော် ပတ္တမြားငမောက်ကို နန်းစဥ်ရတနာအဖြစ်ထိန်းသိမ်းလာခဲ့ပြီး ဘိုးတော်ဗဒုံမင်းလက်ထက်ကစလို့ သီပေါမင်းပါတော်မူချိန်အထိတိုင်ဖြစ်ပါတယ်။ သီပေါမင်းပါတော်မူပြီးနောက် မှာတော့ နန်းတွင်းကျောက်မြတ်ရတနာတော်တော်များများ ဟာ အင်္ဂလိပ်တို့ရဲ့ သိမ်းယူခြင်းကိုခံခဲ့ရပါတယ်။ ပတ္တမြားကြီးကတော့ သီပေါမင်းနောက်ပဲပါသွားသယောင်ယောင် အင်္ဂလိပ်တို့ပဲ သိမ်းသွားသယောင်ယောင် နဲ့ပေါက်ခြင်းမလှပျောက်သွားပါတော့တယ်။

ပတ္တမြားငမောက် ပျောက်ဆုံးသွားခြင်းအတွက် တာဝန်အရှိဆုံးပုဂ္ဂိုလ်ဟာ အိန္ဒိယနဲ့ မြန်မာပြည်တိုက်ပွဲစဉ်များကို ဦးဆောင်ခဲ့ပြီး ဗမာပြည်သိမ်းပိုက်ရေးတပ်ဖွဲ့ရဲ့ နိုင်ငံရေး ဦးဆောင်အရာရှိဖြစ်သူ ဗိုလ်မှူးကြီး အက်ဒ်ဝပ် စလေဒင် (ကာနယ်စလေဒင် Col. Edward Sladen)ဖြစ်ပါတယ်။ကာနယ်စလေဒင်ဟာ သီပေါဘုရင် အိန္ဒိယသို့ နယ်နှင်ခံရစဉ် ပတ္တများငမောက်အပါအဝင် တန်ဖိုးကြီး ပစ္စည်းများကို ဦးဆောင်ခန့်ခွဲခဲ့ရသူတစ်ယောက်ဖြစ်ပြီး သီပေါမင်းက စလေဒင်ကို လုံလုံခြုံခြုံခေါ်ဆောင်ပေးဖို့အတွက် ပတ္တမြားငမောက်ကိုလက်ဆောင်ပေးခဲ့ပါတယ်။ သို့ပေမဲ့ ၁၈၈၆ ခုနှစ် ဇွန်လက သီပေါမင်းမှ ဗြိတိသျှဘုရင်ခံသို့ပေးတဲ့ စာတစ်စောင်မှာ ပတ္တမြားငမောက်ကို ပြန်ပေးဖို့တောင်းဆိုခဲ့ပါတယ်။

၁၉၁၁ ခုနှစ်နောက်ပိုင်းကာလမှာ သီပေါမင်းက ဘုရင်အသစ်ဖြစ်လာသူ ဂျော့ ဘုရင် ၅ ကို သူ့ရဲ့ တန်ဖိုးကြီး ပတ္တမြားလက်စွပ်ကို ကာနယ်စလေဒင်ယူဆောင်သွားကြောင်း တိုက်ရိုက်စာရေးသားခဲ့ပေမဲ့ ဒီစာကို ဗြိတိသျှဘက်မှ အဖက်မလုပ်ခဲ့ကြပါဘူး။ ဗြိတိသျှတို့ဘက်မှ ပတ္တမြားငမောက်ကိုပြန်ပေးရန် ငြင်းဆန်ခဲ့မှုကြောင့် မြန်မာပြည်ဟာ တော်ဝင်သရဖူမှာ ပါဝင်တဲ့ ရတနာ စာရင်းကို စုံစမ်းခဲ့ကြပါသေးတယ်။ဒီမေးခွန်းရဲ အဖြေကိုတော့ သီပေါမင်းနဲ့ ကာနယ်စလေဒင်တို့ပဲသိကြ ပါလိမ့်မယ်။

အရပ်ပြော စကားများအရတော့ ငမောက်ပတ္တမြားကို မြန်မာတော်ဝင်မျိုးဆက်တွေထံမှ ဗြိတိသျှ အရာရှိတစ်ယောက်ကခိုးယူသွားခဲ့ပြီး ဘုရင်မကြီးရဲ့သရဖူထဲမှာ ထည့်သွင်းတပ်ဆင်ထားတယ် လို့ဆိုကြပါတယ်။တစ်ချို့ကတော့ ပတ္တမြားငမောက်ကို ဗစ်တိုးရီးယား ဘုရင်မကြီးထံ လက်ဆောင်အဖြစ်ပေးလိုက်တယ်လို့ပြောဆိုကြပြီး ဗြိတိသျှ တော်ဝင်မျိုးနွယ်များထံမှာ ပျောက်ဆုံးသွားခဲ့တာလို့ ပြောကြပါတယ်။

Photo:rfa.org

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်းကြည့်ရှုနိုင်ရန်  Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး လိုက်ခ် နဲ့ ဖောလိုး လေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။