လွမ်းတတ်သူများမသွားသင့်တဲ့နေရာများ

လွမ်းတတ်သူများမသွားသင့်တဲ့နေရာများထဲမှာ လှသော ရှမ်းပြည်တောင်ပိုင်း ဓနု မြေရဲ့ ရာသီဥတု သုံးပါးစလုံး ဟာ လူကို ဖမ်းစားစေနိုင်တဲ့ အစွမ်းရှိတယ် ။ ရိုးသားတဲ့ တိုင်းရင်းသားတွေ နေထိုင်တဲ့နေရာတွေဟာ ရိုးမလိုနဲ့ ဆန်းနေတတ်တယ် ။

အလွမ်းတောင်

ဒီရက်ပိုင်းအတွင်း ရာသီဥတုက လွမ်းစရာကောင်းနေတော့ လွမ်းဆွေးမူ့ကို တွန်းလှန်ဖို့ ကားလျှောက်မောင်းရင်း ရောက်ခဲ့တဲ့နေရာလေး နာမည်ကအဆန်းဗျ ” အလွမ်းတောင် ” တဲ့ တကယ်လွမ်းလောက်တဲ့ နေရာလေး ။ ရူ့ခင်းနဲ့ ရာသီဥတု အခြေအနေကြည့်ရတာ ပေးထားတဲ့ နာမည်အတိုင်း အမြဲလွမ်းနေရမယ့်နေရာတစ်ခုဆိုတာ ပြောရဲပါတယ် ။
နေရာက ရွာငံမြို့နယ် နွားကွေ့ကျေးရွာ မှာ ရှိပါတယ် နာမည်ကျော် ရွာငံ ယူကလစ်တန်းအနီးနားမှာပါ ။ ယူကလစ်တန်းကနေ ပွေးပြတ်ရွာကို သွားတဲ့ လမ်း ( ပင်းတယဘက် ) သွားတဲ့လမ်းဘေးမှာ ရှိနေတာပါ ။ နွားကွေ့ကျေးရွာလေးဟာ အိမ်ခြေ ၃၅ လုံးသာရှိပြီး လူဦးရေ နည်းတဲ့ ရွာလေးပါ ။ ရွာလေးဟာ အင်မတန်သန့်ရှင်းသပ်ရပ်ပြီး အမှိုက်လုံးဝ မတွေ့ခဲ့ရတဲ့ ရွာပါ ။

ရွာလေးရဲ အနီးအနားတောင်ကုန်းလေးက်ို အမည်နာမ သတ်မှတ်ထားတာ အလွမ်းတောင်တဲ့ ။ အလွမ်းတောင်နဲ့အတူ အလွမ်းတောင်စာကြည့်တိုက်လေးလည်းရှိသေးတယ် ။ အလွမ်းတောင်ကို လာတဲ့လမ်းကိုတော့ အလွမ်းလမ်းတဲ့ ။ တောင်ဆိုပေမယ့်အမြင့်ကြီးလို့ မထင်လိုက်နဲ့အုန်း ကမူကုန်းမြင့် သဲတောင်လေးပါ ရှမ်းပြည်နယ်ရဲ့ အမှတ်အသား ရောင်စုံစိုက်ကွင်းတွေကို အပေါ်ကမြင်ရတဲ့နေရာလေးတစ်ခုပေါ့ နာမည်ကြီးတဲ့နေရာတစ်ခု ဖြစ်တဲ့ မြင်းမူးကုန်းနဲ့ ခပ်ဆင်ဆင်ရယ် မြင်းမူးကုန်းက ပတ်ပတ်လည် မှာရှိတဲ့ ရောင်စုံစိုက်ခင်းတွေကို ၃၆၀ ဒီဂရီမြင်တွေ့ရတာဖြစ်ပြီး အလွမ်းတောင်ကတော့ အရှေ့ဘက်တစ်ခြမ်းသာမြင်ရမှာပါ ။ အနောက်ဖက်မှာ နွားကွေ့ရွာလေးရှိပြီး အရှေ့ဘက်ကိုကြည့်ရင် လှပတဲ့ရောင်စုံစိုက်ခင်းတွေ မလှမ်းမကမ်းက အလွမ်းလမ်းလေး ရှေ့တခေါ်မှာ နာမည်ကျော်ရွာငံ ယူကလစ်လမ်း ဒီလိုစိတ်ကြည်နူးစရာတွေနဲ့ ရှိနေတဲ့ အလွမ်းတောင်ပါ ။ တောင်ပေါ်မတက်ခင် စတွေ့ရမှာက အလွမ်းရေအိုးစင်လေးပါ ဘာတဲ့ ရေးထားတာက ” မင်းအတွက်ရည်မှန်း ရေချမ်းစင်လေး လှူဒါန်းထားတယ်ကွယ် ဘေးမသန်းအေးချမ်းပါစေ ” တဲ့ ။ အလွမ်းတောင်နဲ့ ကပ်ရပ် တောင်တစ်ခုပေါ်မှာ စိုင်းလူခေး ဦးဆောင်ပြီးစေတီတစ်ဆူတည်နေလေရဲ့ ။ အလွမ်းတောင်ကို ရာသီမရွေး လည်ပတ်လို့ရအောင် ဦးဆောင်သူတွေက ကြိုးစားနေကြပါတယ် ။ ဆောင်းတွင်းဆိုရင်လည်း အလွမ်းတောင်က လှပလွမ်းဆွတ်စရာကောင်းသလို မိုးတွင်းအခါလည်း မိုးသည်းမိုးဖွဲတွေကြားမှာ တစ်မျိုးလွမ်းစရာကောင်းနေပြန်ရော နွေ အခါမှာလည်း အေးမြတဲ့ လေပြေပြင်းတွေကြောင့် လွမ်းစိတ်ယိုဖိတ်ရပြန်ပါတယ် ။ ဒါက အလွမ်းတောင်ရဲ့ အလွမ်းပေါ်အလွမ်းဆင့်စေတဲ့ အရသာပေါ့ဗျာ ။

ညောင်ပင်ကြီး

မြင်ရတွေ့ရတဲ့ တခဏ အံဩရတဲ့နေရာတစ်ခုပါ ။ ပြီးမားလှတဲ့ ညောင်ပင်ကြီး ရှမ်းပြည်နယ်ရဲ့ အမှတ်အသားတွေထဲကတစ်ခုဖြစ်တဲ့ ညောင်ပိန္နဲပင်အမျိုးအစားအပင်ကြီး ဘယ်လောက်ကြီးလည်းဆိုတာ ကိုယ်တိုင်သွားကြည့်စေချင်တယ် ။ ညောင်ပင်ကြီး ရှိတာကတော့ ကိုးလုံးရွာမြောက်ဘက် ကျောက်စုရွာထိပ် ပင်းတယ ရပ်စောက်သွားတဲ့ ကားလမ်းနဘေး မှာပါ ။ အဝေးကကြည့်ရင် အုပ်အုပ်ဆိုင်းဆိုင်းနဲ့မို့ အဝေးကမြင်ရင်အာ့လောက် ကြီးမှန်းထင်ခဲ့ပေမယ် အနားရောက်တော့ အင်မတန်ကြီးတဲ့အပင်ကြီးမှန်းသိခဲ့ရတယ် ။ ဓာတ်ပုံတွေ ရိုက်လို့ကောင်းမယ့်နေရာတစ်ခုပေါ့ ။

ကြာကန်ကြီး

တစ်ချိန်မှာ ရှမ်းပြည်နယ်ရဲ့ အလှဆုံးနေရာတွေထဲက တစ်ခု ဖြစ်လာမယ့်ကြာကန်ပေါ့ ။ လူရိုးတောင်ရွာမှာ ရှိတယ် တောင်ကြီးနယ်ထဲမှာ ကန်ထဲမှာ လှေစီးလို့ရပါတယ် လှေသမားလည်းရှိတယ် ။ အင်မတန်သာယာလှပတဲ့ ကြာကန်ကြီးပါ ကြာနီ ခေါ် ပုဒ္ဓမာကြာတွေပေါက်ရာကန်ကြီးပါ နောင်ဘိုကြာကန် လူရိုးတောင်ရွာ တောင်နီအကျော် ရွှေညောင်-ရပ်စောက်လမ်း ( တောင်နီ-ပင်ဖြစ် ကြား ) လမ်းဘယ်ဖက် မှာ သူသူစံ hotpot ဆိုင်းဘုတ် နောင်ဘိုကန်လမ်းတွေ့ရင် အဲ့လမ်းအတိုင်းဝင်ရင် ရောက်ပါပြီ ကြာကန် ။ ကားပါရင် ရပ်နားခ ၁၀၀၀ ပေးရပါတယ် ကြာကန်သွားတဲ့ လမ်းကို ပြင်ဖို့ အတွက် ရံပုံငွေ ကောက်တာပါ ။ လှေ စီးရင်တော့ တစ်စီး အပြတ် ၁၅၀၀၀ လူတဦး ၃၀၀၀ ကျပ် ယူပါတယ် အရင် ရက်တွေ က လှေစီးခ ဒီထက်စျေးသက်သာပါတယ် အလည်သွားမယ်ဆိုရင်တော့ ထီး ဦးထုပ် ဆောင်သွားတာ ကောင်းပါတယ် လှေစီးတဲ့ အချိန် နေက တော်တော်ပူလို့ပါ ။ ကြာကန် ကြီးအတော်ကြီးပါတယ် ကန်အလယ်မှာကြာပန်းတွေက စုပြီးပေါက်နေကြတာပါ ။ ဒရုန်းနဲ့ ရိုက်တဲ့ပုံတွေမှာ ကြာပန်းခင်းကြီး က အသဲပုံ ပေါ်နေပါတယ် ။ သဘာဝတရားက လှပခြင်းတွေကို ကျတော်တို့လူသားတွေအတွက် လက်ဆောင်မွန်အဖြစ်ပေးထားပါတယ် ဒါကို ကျတော်တို့က တန်ဖိုးထားရပါမယ် ။ ဒါကြောင့် ကြာကန်ကို လည်ပတ်ဖြစ်ရင် ကြာပန်းတွေကို အများအပြား အခူးပါနဲ့ ကြာစွယ်တွေကို မနှုတ်ပါနဲ့ ကိုယ်မြင်တွေ့ခံစားရတဲ့ အလှတရားတွေကို နောက်လူတွေလည်းမြင်တွေ့ခံစားဖို့ ကျတော်တို့တတွေ စည်းကမ်းရှိသင့်ပါတယ် ။
မွန်းကြပ်တဲ့ ကပ်ဆိုးကာလ တွေ ကျော်ဖြတ်ပြီးရင် အင်မတန်မှ အေးချမ်းပြီး ရိုးသားဖြူစင်လှသော လူသားများသာနေထိုင်ပြီး အလွန်မှ သန့်ရှင်း သပ်ရပ်ပြီး အမှိုက် တစ်စက် မှ မရှိတဲ့ အလွမ်းတောင် ကျောက်စုကညောင်ပင်ကြီးနဲ့ နောင်ဘိုကန် တို့ကို သွားရောက်လည်ပတ်ဖို့ လမ်းညွှန်လိုက်ပါတယ် ။

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်း ကြည့်ရှုနိုင်ရန် Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး Like နဲ့ Followလေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။