မိုးရာသီအတွင်း ဖြစ်ပွားလေ့ရှိသော ရောဂါများ

ယခုလို မိုးရာသီ အချိန်အခါကတော့ COVID-19 Virus ကူးစက်ပြန့်ပွားမှုတွေရှိနေဆဲဖြစ်တဲ့အပြင် ရာသီတုပ်ကွေး သွေးလွန်တုပ်ကွေး၊ ဆင်တုပ်ကွေး စတဲ့ ဗိုင်းရပ်စ်ပိုးတွေလည်း ဖြစ်ပွားလေ့ရှိတဲ့ မိုးရာသီအစသို့ ရောက်ရှိလာပြီဖြစ်ပါတယ်။ ရာသီဥတုအကူးအပြောင်း ကာလမှာ လူတို့၏ခန္ဓာကိုယ်မှ ခုခံအားစနစ် ကျဆင်းပြီး ဖျားနာလွယ်သည့် အချိန်ဖြစ်တဲ့အတွက်ကြောင့် အစစအရာရာ သတိထားဂရုစိုက်သင့်ပါတယ်။ COVID-19 ကြောင့် အိမ်မှာနေကြပေမယ့် အိမ်တွေမှာ လူတွေကို အနီးကပ် ဒုက္ခပေးနိုင်တဲ့ ခြင်အန္တရာယ်ဟာ ပိုပြီး ကြောက်ဖို့ ကောင်းပါတယ်။

အခုလို မိုးရာသီအစတွင် ခြင်မှ တဆင့် ကူးစက်တတ်တဲ့ ရောဂါများ ဖြစ်သော သွေးလွန်တုပ်ကွေး ရောဂါ၊ ချီကန်ဂန်ညာခေါ် ဆင်တုပ်ကွေးရောဂါ၊ ဂျပန်ဦးနှောက်အမြှေးရောင်ရောဂါ၊ ရာသီတုပ်ကွေးရောဂါ၊ ဝမ်းပျက် ဝမ်းလျှောရောဂါ၊ ဝမ်းကိုက်ရောဂါ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ စသည်တို့ ဖြစ်ပွားလေ့ရှိပါတယ်။ မိမိတို့နိုင်ငံတွင် လောလောဆယ် အာရုံစိုက်နေကြရသည်က ကိုဗစ်-၁၉ ရောဂါဖြစ်ပါတယ်။ ကူးစက်မှုမြန်သည့် ကမ္ဘာ့ကပ်ရောဂါဖြစ်တဲ့အတွက် ပြည်သူလူထုအတွင်း ကူးစက်ပြန့်ပွားမှုနည်းနိုင်သမျှ နည်းအောင်၊ ကြိုတင်ကာကွယ်မှုများဖြင့် တတ်နိုင်သမျှထိန်းချုပ်နိုင်အောင် ဘက်စုံထောင့်စုံမှ ဝိုင်းဝန်းဆောင်ရွက် နေကြပါတယ်။

ဒါပေမယ့် နှစ်စဉ် မိုးရာသီရောက်တိုင်း တစ်ကျော့ပြန်လည်လာတတ်သည့် ရောဂါများ ကိုလည်း အမှုမဲ့ အမှတ်မဲ့ မေ့ လျော့ထား၍မရ၊ သွေးလွန် တုပ်ကွေးကဲ့သို့သော ရောဂါမျိုးက ကိုဗစ်-၁၉ ထက်ပင် ဖြစ်ပွားသူ နှင့် သေဆုံးသူအရေအတွက် ပို၍များပြားခဲ့သောကြောင့် ပိုမိုသတိထားသင့်ပါတယ်။

အခုလိုမိုးရာသီမှာ အများဆုံးဖြစ်လေ့ရှိတာကတော့ သွေးလွန်တုပ်ကွေးဖြစ်ပါတယ်။ သွေးလွန်တုပ် ကွေးရောဂါပိုးကူးစက်ခံထားရသော ခြင်ကျားအကိုက်ခံရခြင်းမှတဆင့် ကူးစက်ခံရနိုင်ပါတယ်။ နေ့ခင်းဘက်တွေမှာ ခြင်ကျားတွေက ကိုက်လေ့ရှိပြီး မနက်အစောပိုင်း နှင့် နေဝင်ခါနီး အချိန်တွင် အများဆုံး ကိုက်လေ့ရှိပါသည်။ သွေးလွန်တုပ်ကွေးလက္ခဏာတွေကို ရောဂါပိုးသယ်ဆောင်လာတဲ့ ခြင်ကိုက်ခံရပြီး ၄ ရက်မှ ၆ ရက်အကြာတွင် စတင်ပြသလေ့ရှိပါတယ်။

သွေးလွန်တုပ်ကွေးလက္ခဏာများ

  • ဂနာမငြိမ်ခြင်း(သို့)အလွန်မှိန်းလာခြင်း
  • ခြေဖျားလက်ဖျားများ အလွန်အေးစက်လာခြင်း
  • ရုတ်တရက် ဗိုက်အောင့်လာခြင်း
  • ကိုယ်ခန္ဓာတွင် အနီအစက်အပျောက်များ ပေါ်လာခြင်း
  • နှာခေါင်းသွေးလျှံခြင်း
  • ကော်ဖီနှစ်ရောင် အန်ခြင်း တို့ဖြစ်ပါတယ်။

အထက်ပါ လက္ခဏာများအနက် တစ်ခုခုခံစားရပါက နီးစပ်ရာ ဆေးရုံဆေးခန်းသို့ အမြန်ဆုံး ကုသမှုခံယူပါ။

အနိုးဖလိစ် (Anopheles) ဟုခေါ်သည့် ခြင်က ငှက်ဖျားရောဂါသယ်ဆောင်နိုင်သည့် ခြင်ဖြစ်ပြီး ခြင်ကျားခေါ် အေးဒီးစ် (Aedes) ခြင်မှာ သွေးလွန်တုပ်ကွေး၊ ချီကန်ဂန်ညာခေါ် ဆင်တုပ်ကွေး၊ အသားဝါအဖျားရောဂါ ဖြစ်ပွားစေသည့် ဗိုင်းရပ်စ်များ သယ်ဆောင်သည့် ခြင်ဖြစ်သည်။ ငှက်ဖျားခြင် အနိုးဖလိစ်ရော သွေးလွန်တုပ်ကွေးခြင် အေးဒီးစ်ပါ ရေကြည်ရေသန့်ရေငြိမ်တို့တွင် ပေါက်ပွားကြသည်။ လက်စ် (Culex)ခြင်မျိုးက ဂျပန်ဦးနှောက်ရောင်ရောဂါနှင့် ဆင်ခြေထောက်ရောဂါတို့ကို ဖြစ်ပွားစေပြီး ရေပုပ်ရေသိုး၊ ညစ်ညမ်းရေများတွင် ပေါက်ပွားကြသည်။

ထို့ကြောင့် မိမိအိမ် ပတ်ဝန်းကျင်တွင် ခြင်ပေါက်ဖွားမှုတွေ လျော့ကျစေရန်

၁။ အိမ်ပတ်၀န်းကျင်သန့်ရှင်းရေးလုပ်ပါ။

၂။ ရေစည် ရေတိုင်ကီရေလှောင်ကန်တို့ကို အသုံးပြုပြီးတိုင်း ဖုံးအုပ်ခြင်း၊ ဆေးခတ်ခြင်း တို့ ပြုလုပ်ပါ။

၃။ ရေစီးရေလာကောင်းအောင် မြောင်းထဲသို့ အမှိုက်မပစ်ပဲ စနစ်တကျ အမှိုက်ပုံးထဲသို့ ပစ်ပါ။

၄။ လူမရှိသည့်အိမ်များအား ရေစည်၊ရေကန်များထဲ ရေလုံး၀ မထည့်ခဲ့ပဲ ရေထည့်ထားပါက ရေသွန်ခဲ့ပါ။

မိမိနေအိမ်နှင့် ပတ်ဝန်းကျင်တွင် ခြင်နှင့် ခြင်လောက်လန်း နှိမ်နင်းရေးများကို ပါ ၀ င်ဆောင်ရွက်ခြင်းဖြင့် ခြင်မှတဆင့် ကူးစက်သော ရောဂါပိုးများကို ကာကွယ်နိုင်ပါသည်။ မိုးရာသီတွင် ဖြစ်လေ့ဖြစ်ထရှိသော ရောဂါများကို ကာကွယ်နိုင်ရန်အတွက် ခြင်အကိုက်မခံရအောင် အတတ်နိုင်ဆုံး ဆောင်ရွက်ပါက အကောင်း ဆုံးဖြစ်ပါသည်။

ထို့အပြင် ဝမ်းပျက်ဝမ်းလျှော၊ ဝမ်းကိုက်၊ အူရောင်ငန်းဖျား စသည့်ရောဂါ များက အစားအစာ နှင့် သောက်သုံးရေသန့်ရှင်းရေးကို ဂရုစိုက်ဆောင်ရွက်ခြင်းဖြင့် ကာကွယ်နိုင်သည်။ အစားအစာများကို သန့်ရှင်းစွာ ထားရှိခြင်း၊ လတ်ဆတ်သည့် ဟင်းသီးဟင်းရွက် အသားငါးတို့ကို စနစ်တကျ ချက်ပြုတ်စားသောက် ခြင်း၊ သန့်ရှင်းသည့်ရေ သို့မဟုတ် ကျိုချက် ထားသည့် ရေကိုသာ သောက်သုံးခြင်းဖြင့် အထက်ပါ ရောဂါများကို ကာကွယ်နိုင်သည်။ ထို့ကြောင့် မိုးတွင်းကာလတွင် ကျန်းမာရေးကောင်းမွန်အောင် ကိုယ်ခံအားရှိအောင် သန့်ရှင်းလတ်ဆတ်သည့် အစားအစာများကို ရွေးချယ်စားသောက်သင့်ပါသည်။

ပတ်ဝန်းကျင်တွင် ရောဂါအမျိုးမျိုးကို ဖြစ်ပွားစေသည့် ဗိုင်းရပ်စ်များ၊ ဗက်တီးရီးယားများနှင့် ကပ်ပါးကောင်များ၊ အမှုန် အမွှားများက နေရာအနှံ့ ရှိနေကြသောကြောင့် တစ်ကိုယ်ရေ သန့်ရှင်းရေးနှင့် ပတ်ဝန်းကျင် သန့်ရှင်းရေးတို့ ပုံမှန်ပြုလုပ်ပါက မည်သည့် ရောဂါပိုးမွှားကမျှ လူ့ခန္ဓာကိုယ်ထဲ ဝင်ရောက်အန္တရာယ်ပြုနိုင်မည်မဟုတ်ပါ။ ပတ်ဝန်းကျင်သန့်ရှင်းရေးကို တစ်ဦးတစ်ယောက်ချင်း၊ မိသားစုတစ်စု ချင်းအလိုက် ဆောင်ရွက်ရန်လိုအပ်သကဲ့သို့ အများပူးပေါင်းဆောင်ရွက်မှ အောင်မြင်နိုင်မည် ဖြစ်ပါသည်။ Covid-19 ကာလတွင် မိုးရာသီအတွင်း ဖြစ်ပွားလေ့ရှိသော ရောဂါများ မကူးစက်အောင် မိမိကိုယ်ကိုမိမိ အတတ်နိုင်ဆုံး သတိထားကာကွယ်ကြရမည် ဖြစ်ပါသည်။

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်း ကြည့်ရှုနိုင်ရန် Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး Like နဲ့ Followလေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။