အန္တရာယ်တွေကြုံတွေ့လာရင် ဖြေရှင်းနိုင်မယ့်နည်းလမ်းများ

မိုးကြိုးပစ်နေချိန်ကွင်းပြင်ထဲရောက်ရှိနေရင် ဘယ်လိုလုပ်မလဲ?

မိုးအသည်းအထန်ရွာပြီး မိုးကြိုးတွေဆက်တိုက်ပစ်နေချိန်မှာ ကွင်းပြင်ထဲ ရှိနေတာက မိုးကြိုးပစ်ခံရဖို့ အခွင့်အလမ်းများပြားလှပါတယ်။ ဒီလိုအခြေအနေမှာ မိုးကြိုးမပစ်ခံရအောင် လုပ်ဆောင်နိုင်မယ့်နည်းလမ်းတွေ ရှိပါတယ်။

ဒီလိုကွင်းပြင်ထဲကို တစ်ယောက်တည်းရောက်ရှိနေပြီဆိုရင် နံဘေးနားမှာ အဆောက်အဦး ဒါမှမဟုတ် ယာဉ်တစ်ခုခုကို ရှာဖွေပြီး ဝင်နေသင့်ပါတယ်။တကယ်လို့ အဲဒီအရာတွေသာ မရှိခဲ့ရင် ခန္ဓာကိုယ်ကို ဆောင့်ညှောင့်ထိုင်ကာ နားတွေကို ပိတ်ထားသင့်ပါတယ်။ မိုးကြိုးတွေဟာ အမြင့်နေရာတွေမှာ ရှိတဲ့ အရာဝတ္ထုတွေကိုသာ ပစ်လေ့ရှိလို့ မိမိခန္ဓာကိုယ်ကို တတ်နိုင်သမျှ မမြင့်နေအောင် ပြုမူသင့်ပါတယ်။

ဒါ့အပြင် လျှပ်စီးကူးနိုင်တဲ့ မီးကြိုး၊ ဓာတ်တိုင်လိုအရာတွေ နားကနေ ရှောင်ခွာပြီး နေထိုင်သင့်ပါတယ်။ နောက်ပြီး သစ်ပင်အောက်တွေမှာလည်း ပုန်တာကိုလည်း ရှောင်ယှဉ်သင့်ပါတယ်။

ကားနောက်ဖုံးထဲမှာ ပိတ်မိနေရင်ဘယ်လိုဖြေရှင်းမလဲ?

ကားနောက်ဖုံးထဲမှာ ပိတ်မိနေခဲ့ရင် လွတ်မြောက်နိုင်ဖို့အတွက်ကတော့  တခြားသူရဲ့ အကူအညီကို အရင်ဆုံးလိုအပ်ပါတယ်။ ဒါကြောင့်  ပထမဆုံး မိမိ ကားနောက်ဖုံးထဲမှာ ပိတ်မိနေတယ်ဆိုတာကို လူတွေ သိဖို့အချက်ပြရမှာပါ။

ကားနောက်ဖုံးထဲမှာနေရင်းနဲ့ ကား နောက်မီးကိုချိတ်ထားတဲ့ ဝါယာကြိုးတွေကို ဖြတ်ကာ နောက်က ကားကို အချက်ပြသင့်ပါတယ်။ ဒီလို မီးထောက်ပြတာက မိမိကားထဲမှာ ပိတ်မိနေကြောင်း အသိပေးခြင်းတစ်ခုသာဖြစ်ပါတယ်။

အဲ့လို မလုပ်တတ်ဘူးဆိုရင် မီးခွက်တွေကို လက်နဲ့ တွန်းဖွင့်လို့ ရမရ ကို ကြိုးစားသင့်ပါတယ်။ ဖွင့်လို့ရပြီဆိုရင် သင့်ရဲ့ လက်နဲ့ နောက်ကကားကို လက်ပြကာ အကူအညီတောင်းခံနိုင်ပါတယ်။

အခုတစ်ခေါက်မှာပြောပြပေးသွားမယ့်အကြောင်းအရာတွေကတော့ မတော်တဆမှု အန္တရာယ်တွေနဲ့ ကြုံတွေ့လာရင် ဖြေရှင်းနိုင်မယ့်နည်းလမ်းတွေပဲဖြစ်ပါတယ်။ တစ်ခါတစ်ရံမှာတော့ လူတိုင်း လူတိုင်းက မတော်တဆမှုတစ်ခုခုနဲ့ ကြုံတွေ့ရနိုင်ပြီး အဲဒီလို အသက်အန္တရာယ်ရှိတဲ့ဘေးတွေကနေ မရှောင်ရှားတတ်ကြပါဘူး။ ဒါပေမယ့် အခုပြောပြပေးသွားမယ့်နည်းတွေကတော့ အဲဒီမတော်တမှုတွေကနေ သင့်အသက်ကို ကယ်တင်ပေးနိုင်မယ့် နည်းလမ်းတွေပဲဖြစ်ပါတယ်။

မီးလောင်နေတဲ့အခန်းထဲရောက်နေရင် ဘယ်လိုရှောင်ရှားရမလဲ?

တကယ်လို့ သင်ဟာ မီးပြင်းပြင်းလောင်နေတဲ့ နေရာမှာ ကံဆိုးစွာနဲ့  ရောက်ရှိနေခဲ့ရင် သင် ဂရုစိုက်ရမှာက မီးခိုးငွေ့တွေပဲဖြစ်ပါတယ်။ ကိုယ်ခန္ဓာကို ပထမဆုံးဒုက္ခပေးနိုင်တာက လောင်နေတဲ့ မီးက ထွက်ရှိလာတဲ့ မီးခိုးငွေ့တွေသာဖြစ်ပြီး အသက်ရှူကျပ်ကာ ရုတ်တရက်မေ့မျောသွားနိုင်ပါတယ်။ မီးခိုးငွေ့တွေရဲ့ သဘောသဘာဝက အမြင့်ကိုသာ တက်လေ့ရှိတာမို့ ကိုယ်ခန္ဓာကို ကြမ်းပြင်နဲ့ ကပ်ပြီး နေထိုင်သင့်ပါတယ်။

မီးခိုးမမွှန်စေဖို့အတွက်လည်း လေဝင်လေထွက်ရတဲ့ ထွက်ပေါက်တစ်နေရာနားကို အရင်ဆုံးသွားခြင်းက အသက်ဘေးကနေ လွတ်ကင်းစေနိုင်မှာပါ။ ဒါ့အပြင် အနီးအနားမှာရှိနေမယ့် လက်သုတ်ပဝါနဲ့ အဝတ်စတွေကို ရှာပြီး Mask အဖြစ် အသုံးပြုနိုင်ကာ ထွက်ရှိလာတဲ့ မီးခိုးငွေ့တွေကနေ ကာကွယ်နိုင်ပါသေးတယ်။ အဝတ်ကိုရေစွတ်ပြီးအပူဒဏ်ကို ကာကွယ်ထားနိုင်ပါတယ်။

ဓာတ်လှေကားပြုတ်ကျခဲ့ရင် ဘယ်လိုဖြေရှင်းရမလဲ?

လူတိုင်းလိုလိုက ဓာတ်လှေကားစီးနေရင်းနဲ့ပဲ ဒီဓာတ်လှေကားကြီးသာ ပြုတ်ကျသွားရင် ဘယ်လိုဖြစ်မလဲဆိုတာကို တွေးမိဖူးကြမှာပါ။ ဓာတ်လှေကားပြုတ်ကျမှုဟာ ဖြစ်တောင့်ဖြစ်ခဲအခြေအနေဖြစ်ပေမယ့် ဒီလို ပြုတ်ကျခဲ့တဲ့ ဖြစ်စဉ်သာဓကတွေလည်း ရှိပါတယ်။

ဒီလို အခြေအနေနဲ့ ကြုံတွေ့လာမယ်ဆိုရင်တော့ ဓာတ်လှေကားကြမ်းပြင်မှာ ကျောကပ်ပြီး အိပ်စက်နေတာက အကောင်းဆုံးနည်းလမ်းပဲဖြစ်ပါတယ်။ ဒီလို ဓာတ်လှေကားထဲမှာ မှောက်လျက်အိပ်ဖို့ အခြေအနေတွေ မရှိခဲ့ရင် ဓာတ်လှေကားထဲမှာ ငုတ်တုပ်ထိုင်နေလိုက်တာက ဒုတိယအကောင်းဆုံးနည်းလမ်းပဲဖြစ်ပါတယ်။

ဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ် မိမိရဲ့ ဦးခေါင်းကို မထိခိုက်အောင် ကာကွယ်ထားနိုင်ဖို့က အရေးကြီးဆုံးအချက်တစ်ချက်ပါ။ဓာတ်လှေကားပြုတ်ကျလာချိန်မှာ လုံးဝမပြုလုပ်သင့်တဲ့ အပြုအမူကတော့ မတ်တပ်ရပ်နေခြင်းပဲဖြစ်ပါတယ်။

အစာစားနေချိန် အစာနင်ခဲ့ရင် ဘယ်လိုဖြေရှင်းနိုင်မလဲ?

ပုံမှန်အားဖြင့်တော့ လူတစ်ယောက် အစာနင်သွားချိန်မှာ နောက်ထပ်အခြားလူတစ်ယောက်က လည်ချောင်းထဲပိတ်မိနေတဲ့ အစာကို ကူညီဖြေရှင်းပေးလေ့ရှိပါတယ်။ ဒါပေမယ့် တစ်ယောက်တည်း အစားစားနေချိန် ဘေးနားမှာ လူမရှိခဲ့ရင်တော့ အစာနင်ခြင်းကို ဖြေရှင်းဖို့နည်းလမ်းကတော့ လက်သီးဆုပ်ပြီး မိမိဝမ်းဗိုက်နဲ့ ခုံစောင်း (သို့) ကုလားထိုင်နောက်ကျောကို ဖိပေးရမှာပဲဖြစ်ပါတယ်။ ဒီလိုဝမ်းဗိုက်ကို ဖိထားတာကြောင့် နင်နေတဲ့ အစာက အပြင်ကို ပြန်ကန်ထွက်လာမှာဖြစ်ပြီး ပုံမှန်အခြေအနေကို ပြန်ရောက်ရှိလာမှာပါ။

နောက်ကနေ ချုပ်လာတဲ့သူကိုဘယ်လိုပြန်တိုက်ခိုက်မလဲ?

လမ်းတွေပေါ်မှာပဲ မသမာတဲ့ သူစိမ်းတစ်ယောက်ကနေ မိမိ နောက်ကျောကို ချုပ်ကာ အကျပ်ကိုင်ခံရမယ့် အခြေအနေမှာ ကိုယ့်ဘက်နေ တန်ပြန်နိုင်မယ့် နည်းလမ်းပေါင်းများစွာရှိပါတယ်။ အဲဒီထဲက အသိသာဆုံးနဲ့ အထိရောက်ဆုံးနည်းလမ်းကတော့ မိမိရဲ့ ဖိနပ်နဲ့ ချုပ်ထားတဲ့သူ့ရဲ့ ခြေထောက်ကိုအားပြင်းပြင်းနဲ့ နင်းလိုက်ဖို့ပါပဲ။အတတ်နိုင်ဆုံး အားကုန်ထည့်ကာ နင်းလိုက်ခြင်းက ချုပ်ထားတဲ့သူ့ရဲ့ ခြေထောက်အရိုးတွေကို ပြင်းပြင်းထန်ထန်နာကျင်စေမှာဖြစ်ပါတယ်။ ပြီးရင်တော့ မိမိရဲ့ တစ်တောင်ဆစ်ကိုသုံးပြီး ရှိသမျှအားသုံးကာ ထိုသူရဲ့ ဗိုက်ကို ထိုးထည့်လိုက်ပါ။ ဒီလိုလုပ်လိုက်ချိန်မှ မသမာသူချုပ်ကိုင်ထားတဲ့ လက်တွေက ပြေလျော့သွားမှာဖြစ်ပြီး အကြမ်းဖက်မှုကနေ လွတ်မြောက်လာစေမှာပဲဖြစ်ပါတယ်။

ဒယ်အိုးထဲ မီးထတောက်ရင် ဘယ်လိုလုပ်ရမလဲ?

ဟင်းချက်နေရင်းနဲ့ ဒယ်အိုးထဲကနေ ရုတ်တရက်မီးထတောက်လေ့ရှိကြပါတယ်။ ဒီလို အခြေအနေမျိုးမှာ ရုတ်တရက်လန့်သွားတတ်ပြီး ဒယ်အိုးကို ရေနဲ့ လောင်းချတာ၊ ဒယ်အိုးကို မီးဖိုပေါ်ကနေ ဆွဲထုတ်ပစ်လိုက်တာမျိုး လုပ်လေ့ရှိကြပါတယ်။ တကယ်တော့ ဒီလိုလုပ်တာတွေက မီးထတောက်တဲ့ အခြေအနေကို ပိုဆိုးလာစေတတ်ပါတယ်။ မီးထတောက်နေတဲ့ အခြေအနေကို ဖြေရှင်းဖို့နည်းလမ်းကတော့ မီးလောင်မှုကို အားပေးနေတဲ့ အောက်ဆီဂျင်ဓာတ်ငွေ့ကို အမြန်ဆုံး ဖြတ်တောက်ပစ်လိုက်ဖို့ပါပဲ။ ဒါကြောင့် စိတ်ကို တည်တည်ငြိမ်ငြိမ်ထားပြီး မီးတောက်ကို သတ္ထုအဖုံးတစ်ခုနဲ့ အုပ်လိုက်ခြင်းက မီးကိုချက်ချင်းငြိမ်းသွားစေမှာပါ။

ကျွန်ုပ်တို့အား Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube တို့တွင်၀င် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပါသည်။