ရန်ကုန်မြို့ရဲ့ နာမည်ကျော် ခေတ်ဟောင်းအဆောက်အအုံကြီးများ

အာရှတိုက်မှာဆိုရင် မြန်မာနိုင်ငံ၊ရန်ကုန်မြို့တော်ဟာ ထင်ရှားတဲ့ကိုလိုနီခေတ် အဆောက်အအုံများစွာရှိခဲ့တဲ့ မြို့တော်တစ်ခုအဖြစ်ထင်ရှားပါတယ်။ မြန်မာနိုင်ငံဟာ အင်္ဂလိပ်တွေရဲ့ ကိုလိုနီအဖြစ် First Anglo-Burmese War (အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲ) ပြီးတဲ့နောက် (၁၈၂၄)ခုနှစ်ကတည်းကစတင် သွတ်သွင်းခံခဲ့ရပြီး (၁၉၄၈) ခုနှစ်ရောက်ချိန်မှသာ လွတ်လပ်ရေးပြန်လည်ရရှိခဲ့တာကြောင့် ကိုလိုနီလက် အောက်ခံအဖြစ် နှစ်ပေါင်း(၁၂၄)နှစ်လောက်နေခဲ့ရပါတယ်။

လွတ်လပ်ရေးရပြီးနောက်ပိုင်းမှာလည်း မြန်မာနိုင်ငံကတာဝန်ရှိသူတွေဟာ ရန်ကုန်မြို့အတွင်းက အင်္ဂလိပ်တွေ တည်ဆောက်ခဲ့တဲ့ အဆောက်အအုံတွေကိုပဲ အစိုးရရုံးတွေအဖြစ်ဆက်လက် အသုံးပြုခဲ့ကြတာ ယနေ့အချိန်အထိဖြစ်ပါတယ်။ယခုဖော်ပြမယ့် အဆောက်အအုံတွေထဲက အချို့ကတော့ ပျက်စီးယိုယွင်းနေပြီဖြစ်တာကြောင့်Yangon Heritages Trust(YHT) လို့သိကြတဲ့ (ရန်ကုန်မြို့ပြအမွေအနှစ်ထိန်းသိမ်းရေးအဖွဲ့)ရဲ့ဦးဆောင်မှုနဲ့ ပြန်လည်ပြုပြင် မွမ်းမံ တွေပြုလုပ်နေရတာကိုတွေ့ရပါတယ်။ YHT ရဲ့ရည်ရွယ်ချက်ကလည်းရန်ကုန်မြို့ရဲ့ ရှေးဟောင်းအဆောက်အအုံတွေ၊ပစ္စည်းတွေကိုပြုပြင်ထိန်းသိမ်းဖို့နဲ့ အရှေ့တောင်အာရှ ရဲ့နေချင်စဖွယ်မြို့တော်ကြီးတွေအနက်က တစ်ခုဖြစ်လာဖို့ရည်ရွယ်ပါတယ်။

လွတ်လပ်ရေးရပြီးနောက်ပိုင်းမှာလည်း မြန်မာနိုင်ငံကတာဝန်ရှိသူတွေဟာ ရန်ကုန်မြို့အတွင်းက အင်္ဂလိပ်တွေ တည်ဆောက်ခဲ့တဲ့ အဆောက်အအုံတွေကိုပဲ အစိုးရရုံးတွေအဖြစ်ဆက်လက် အသုံးပြုခဲ့ကြတာ ယနေ့အချိန်အထိဖြစ်ပါတယ်။

ရန်ကုန်မြို့က ယင်းကိုလိုနီခေတ်အဆောက်အအုံတွေကိုရောက်ရှိမယ်ဆိုရင်တော့ အင်္ဂလိပ်တွေရဲ့ ပိုင်နိုင်တဲ့ဗိသုကာပညာရပ်တွေကိုလေ့လာခွင့်ရနိုင်မှာဖြစ်သလို လွန်ခဲ့တဲ့နှစ် ပေါင်းများစွာက ခေတ်ရဲ့အငွေ့အသက်တွေကိုလည်း ခံစားရနိုင်ပါတယ်။ ဒီနေရာမှာ မျှဝေပေးချင် တာကတော့ မြန်မာနိုင်ငံ ရန်ကုန်မြို့မှာတည်ရှိတဲ့ ကိုလိုနီခေတ်ကာလကတည်းက အင်္ဂလိပ်တွေ တည်ဆောက် ခဲ့တဲ့ အဆောက်အအုံရဲ့အကြောင်းပဲဖြစ်ပါတယ်။

Police Commissioner’s Building(ရဲမင်းကြီးရုံး)

ရန်ကုန်မြို့ရဲ့ပုံရိပ်ကိုမြှင့်တင့်ပေးတဲ့ အခြားသောကိုလိုနီခေတ်အဆောက်အအုံကတော့ Police Commissioner’s Building(ရဲမင်းကြီးရုံး)ဖြစ်ပြီး အိုင်ယိုးနက်လို့သိကြတဲ့ ဂရိတွေရဲ့ဆောက်လုပ်မှုပုံစံတိုင်ရှည်ကြီး(၂၂)တိုင်နဲ့အတူ ဘဏ်လမ်းမပေါ်မှာာ တည်ရှိပါတယ်။ ဒီအဆောက်အအုံကို(၁၉၂၇)ကနေစတင်ပြီး (၁၉၃၁)ခုနှစ်အထိ တည်ဆောက်ခဲ့တာဖြစ်ပြီး အဆောက်အဦးရဲ့တိုင်တွေအပြင် အောက်ခံဘောင်တွေ အတွက် အင်္ဂလန်နိုင်ငံကနေ သံမဏိတန်ချိန် (၃၀၀၀)နီးပါးကို ထည့်သွင်းတည်ဆောက် ခဲ့တယ်လို့သိရပါတယ်။ဒုတိယကမ္ဘာစစ်အတွင်းကတော့ ဂျပန်တွေရဲ့ ကင်ပေတိုင်စခန်းဌာနချုပ်အဖြစ်အသုံးပြုခဲ့ပြီး (၁၉၇၄)မှာတော့ မြန်မာပြည် ဆိုရှယ်လစ်ပါတီရဲ့ ဌာနချုပ်လည်းဖြစ်ခဲ့ပါသေးတယ်။

လက်ရှိမှာတော့ Rosewood Hotels & Resorts က တဆင့် Rosewood Yangon အမည်နဲ့ ဇိမ်ခံဟိုတယ်တစ်ခုအဖြစ်ပြောင်းလဲဖွင့်လှစ်နေပြီး Strand ဟိုတယ်ရဲ့ပေ (၅၀၀)အကွာမှာတည်ရှိပါတယ်။

Belmond Governor’s Residence

အခြားသော Victorian ဗိသုကာလက်ရာဒီဇိုင်းဆန်းတစ်ခုဆိုရင်တော့ Governor’s ပြဆို  Belmond Governor’s Residence အဆောက်အအုံကိုပြရမှာဖြစ်ပါတယ်။  ဒီအဆောက်အအုံဟာ ရန်ကုန်မြို့ လယ်ခေါင်ကနေကြည့်ရင် အနောက်မြောက်ဘက် ချောင်ကျကျနေရာမှာ တည်ရှိတာဖြစ်ပြီး ယနေ့အချိန်မှာတော့ အလယ်မှာရေကူးကန် ပါရှိတဲ့ Mandalay စားသောက်ဆိုင် တည်ရှိနေတဲ့ နေရာဖြစ်ပါတယ်။ကျွန်းသစ်တွေကို အဓိကအသုံးပြုပြီး ၁၉၂၀ခုနှစ်မှာ တည်ဆောက်ခဲ့တဲ့အဆောက်အအုံဖြစ်ပြီး ဗြိတိသျှဘုရင်ခံတွေနေထိုင်ခဲ့တဲ့ အဆောက်အအုံဖြစ်ပါတယ်။ Governor’s Residence ရဲ့အတွင်းအပြင်ဆက်ရာ နေရာတွေမှာ ဆက်ကြောင်းမပါတဲ့တည်ဆောက်မှုပုံစံတွေကိုတွေ့ရမှာဖြစ်ပြီး ကြီးမားတဲ့ ဝရံတာကြီးတွေနဲ့ အပြင်ဘက်နေရာတွေမှာလည်း နှစ်ထပ်အဆောက်အအုံတွေပါရှိပါတယ်။

Pegu Club (ပဲခူးကလပ်)

ကိုလိုနီခေတ်ကာလကကတည်ဆောက်ခဲ့တဲ့ အဆောက်အအုံတွေထဲမှာဆိုရင် ပဲခူးက လပ်ကလည်း နာမည်ကျော်အဆောက်အအုံတစ်ခုဖြစ်ပြီး Victorianဗိသုကာ ဒီဇိုင်းပုံစံ တည်ဆောက်ထားပါတယ်။ Pegu Club (ပဲခူးကလပ်)ကို (၁၈၈၀)နှစ်အတွင်းက စတင် ဆောက်လုပ်ခဲ့ပြီး (၁၈၈၂)ခုနှစ်မှာတော့ အပြီးသတ်ခဲ့ပါတယ်။ ဒီကလပ်ကိုတော့ မြန်မာ နိုင်ငံသားတွေဝင်ခွင့်မရှိပဲ အင်္ဂလိပ်စစ်ဘက်ဆိုင်ရာထိပ်တန်းပုဂ္ဂိုလ်တွေ၊ အုပ်ချုပ်ရေး ဆိုင်ရာအရာရှိတွေပဲ သီးသန့်ဝင်ခွင့်ပေးထားပါတယ်။

ကိုလိုနီခေတ်ကာလတုန်းက တော့ Pegu Club (ပဲခူးကလပ်)ဟာ မလေးရှားနိုင်ငံ၊ကွာလာလမ်ပူမှာရှိတဲ့ Royal Selangor Club နဲ့စင်ကာပူမှာရှိတဲ့ Tanglin Club တို့လိုအရှေတောင်အာရှရဲ့ အကောင်းဆုံး ပျော်ပွဲစားရုံအဖြစ် သတ်မှတ်ခြင်းခံခဲ့ရပါတယ်။ ဒီကလပ်ဟာရုရှား သံရုံးနဲ့ မျက်နှာချင်းဆိုင် ပြည်လမ်း မပေါ်မှာတည်ရှိနေပြီး ကျွန်းသစ်တွေနဲ့တည်ဆောက်ထား တဲ့သစ်သားအဆောက်အအုံတစ်ခုဖြစ်ပါတယ်။ Pegu Club (ပဲခူးကလပ်)ကနေစတင် ခဲ့တဲ့ Pegu Club Cocktail ဟာဆိုရင်ကမ္ဘာကျော်ယာမကာအဖြစ် ယနေ့တိုင်ကျော် ကြားနေဆဲလည်းဖြစ်ပါတယ်။

Bogyoke Aung San Market (ဗိုလ်ချုပ်အောင်ဆန်းဈေး)

Bogyoke Aung San Market(ဗိုလ်ချုပ်အောင်ဆန်းဈေး)ကို စကော့ဈေးဆိုပြီးလည်း လူသိများပြီး (၁၉၂၆)ခုနှစ်ကဆောက်လုပ်ပြီးစီးခဲ့ပြီး မြန်မာနိုင်ငံကို ဘောလုံးအားကစား နဲ့စတင် မိတ်ဆက်ပေးခဲ့တယ်လို့ဆိုတဲ့ ဗြိတိသျှလူမျိုး၊အုပ်ချုပ်ရေးအရာရှိ James George Soctt ကို ဂုဏ်ပြုပြီး စကော့ဈေးလို့ နာမည်ပေးခဲ့ရာမှ လွတ်လပ်ရေးရပြီးချိန်မှာ တော့ ဗိုလ်ချုပ်အောင်ဆန်းဈေးဆိုပြီးနာမည်ပြောင်းလဲခဲ့ပါတယ်။et (ဗိုလ်ချုပ်အောင်ဆန်းဈေး)

အတွင်းပိုင်းမှာ Cobblestone (လမ်းခင်းကျောက်)တွေ ကိုအသုံးပြုခင်းထားတဲ့လမ်းများရှိသလို Victorian ဗိသုကာလက်ရာဒီဇိုင်းပုံစံတည်ဆောက်ထားပါတယ်။ Bogyoke Aung San Market(ဗိုလ်ချုပ်အောင်ဆန်းဈေး)ဟာ ရန်ကုန်တိုင်းဒေသကြီး၊ပန်းပဲတန်းမြို့နယ်မှာ တည်ရှိပြီး ကိုလိုနီခေတ်ကနာမည်ကျော် အဆောက်အအုံတွေဖြစ်တဲ့ အဲလီဖင့်စတုံး၊ အင်ပါရာဖာရစီကာဇာက်ရုံ၊စီးနီးမားဒီပဲရစ်ရုပ်ရှင်ရုံတွေတည်ရှိခဲ့တယ်လို့သိရပါတယ်။

Accountant General Building (စာရင်းစစ်ရုံး)

ရန်ကုန်မြို့လယ်ခေါင်က ပန်းဆိုးတန်းလမ်းမပေါ်မှာတည်ရှိတဲ့ ကိုလိုနီခေတ်ကတည် ဆောက်ခဲ့တဲ့ အဆောက်အအုံတစ်ခုဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ်ကာလအတွင်းက တော့ ဗုံးဒဏ်ကိုပြင်းထန်စွာခံခဲ့ရတာကြောင့် အကြီးစားပြင်ဆင်မှုတွေပြုလုပ်ခဲ့ရပါတယ်။ ဒီအဆောက်အအုံကို ၁၉၀၀ ဝန်းကျင်ကာလမှာ တည်ဆောက်ခဲ့တာဖြစ်ပြီး ငွေကြေးဆိုင်ရာပထမဆုံး အဆောက်အဦးလည်းဖြစ်ပါတယ်။ လက်ရှိမှာတော့ ရန်ကုန်တိုင်းတရားရုံးအဆောက်အအုံ(Yangon Divisional Court) လို့ လူသိများပါတယ်။

Myanmar Port Authority (မြန်မာဆိပ်ကမ်းအာဏာပိုင်ရုံး)

ယခုချိန်မှာတော့ မြန်မာနိုင်ငံတော်အစိုးရရဲ့၊ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန လက်အောက်အဖွဲ့အစည်းအဖြစ်ရှိနေတဲ့ Myanmar Port Authority (မြန်မာဆိပ်ကမ်းအာဏာပိုင်ရုံး)ဟာ Irrawaddy Flotilla ကုမ္ပဏီရဲ့ရုံးချုပ်ဖြစ်ခဲ့ဖူးသလို တစ်ချိန်က နယူးယောက်ဆိပ်ကမ်းပြီးတဲ့နောက် ဒုတိယမြောက်အလုပ်အများဆုံး ဆိပ် ကမ်းတစ်ခုလည်းဖြစ်ခဲ့ပါတယ်။(၁၈)ရာစုအလယ်အထိ ရန်ကုန်ဟာ ဒဂုံလို့အမည်ရတဲ့ တံငါရွာလေးအဖြစ်သာရှိနေသေးပြီး မြန်မာနိုင်ငံရဲ့ဆိပ်ကမ်းမြို့တွေအဖြစ် သန်လျင်၊ မုတ္တမ၊ပုသိမ်၊ပဲခူးမြို့တွေကိုသာအသုံးပြုနေခဲ့ရာကနေ (၁၇၅၅)ခုနှစ်မှာတော့ အလောင်းမင်းတရားဟာ ဧရာဝတီမြစ်တစ်လျှောက်မှာရှိတဲ့ နယ်ပယ်တွေကိုတိုက်ခိုက် သိမ်းပိုက်ရာကနေ ဒဂုံကိုရောက်ရှိလာပြီး ရန်အပေါင်းကုန်စင်သွားတဲ့အတွက် ရန်ကုန် ဆိုပြီးခေါ်စေကာ ပင်မဆိပ်ကမ်းမြို့အဖြစ် စတည်တည်ဆောက်ခဲ့တယ်လို့ သိရပါတယ်။ ယခုမြန်မာ့ဆိပ်ကမ်းအာဏာပိုင်ရုံး အဆောက်အအုံကိုတော့ ၁၉၂၀ ခုနှစ်ကတည်းက တည်ဆောက်ခဲ့တာဖြစ်ပါတယ်။

Strand Hotel

Victorian ဗိသုကာစတိုင်တည်ဆောက်ထားတဲ့ Strand Hotelကို(၁၉၀၁)ခုနှစ်က စတင်ဖွင့်လှစ်ခဲ့ပါတယ်။ စတင်တည်ဆောက်ခဲ့သူကတော့ အင်္ဂလိပ်လူမျိုးစီးပွားရေး လုပ်ငန်းရှင် John Darwood ဆိုသူဖြစ်ပြီးမကြာခင်မှာပဲ အီရန်နိုင်ငံဖွား အာမေနီးယန်းနိုင်ငံသားတွေပိုင်ဆိုင်တဲ့ Sarkies Brothers စီးပွားရေးအုပ်စုက ဝယ်ယူ ခဲ့ပါတယ်။ Sarkies Brothers ကုမ္ပဏီဟာ ယင်းကာလက အရှေတောင်အာရှမှာ ဟိုတယ်လုပ်ငန်းကိုများစွာလုပ်ကိုင်ခဲ့ပြီး စင်ကာပူနိုင်ငံက Raffles ဟိုတယ်၊ မလေးရှား နိုင်ငံ၊ပီနန်မှာရှိတဲ့ Eastern & Oriental Hotel ကိုလည်းပိုင်ဆိုင်သူတွေဖြစ်တယ်လို့ သိရပါတယ်။

ကိုလိုနီခေတ်က နာမည်ကျော်ကြားခဲ့သော ဟိုတယ်တစ်ခုလည်းဖြစ်ခဲ့ပြီး ဒုတိယကမ္ဘာစစ်အတွင်းမှာတော့ ဂျပန်တို့က ဟိုတယ်ကို သိမ်းယူပြီး စစ်ရုံးအဖြစ်အသုံးပြုခဲ့ဖူးပါတယ်။ Strand Hotel ဟာ ကိုလိုနီခေတ်က တည်ဆောက်ခဲ့တဲ့ ရန်ကုန်မြို့ရဲ့ ထိပ်တန်း ဗိသုကာလက်ရာတစ်ခုဖြစ်ပြီး (၂၀၀၈)ခုနှစ်ခုနှစ်မှာတော့ အသစ်ပြန်လည် မွမ်းမံပြီး ရန်ကုန်မြို့ရဲ့ထိပ်တန်းဟိုတယ်တစ်ခုအဖြစ်ရပ်တည်ခဲ့ပါတယ်။ Strand Hotel လို့အမည်ပေးရတာကတော့ ကမ်းနားလမ်းအမှတ်(၉၂)မှာတည်ရှိနေလို့ဖြစ်ပါတယ်။

Rowe & Co(ရိုးကုန်တိုက်)

ယခုချိန်မှာတော့ ဧရာဝတီဘဏ်ရုံးချုပ်အဖြစ်ရပ် တည်နေခဲ့တဲ့ Rowe & Co အဆောက်အအုံဟာ (၁၉၁၁)ခုနှစ်ကဆောက်လုပ်ပြီးစီးခဲ့ပြီး ယင်းကာလက အရှေ့တောင်အာရှရဲ့ အကြီးဆုံးကုန်တိုက်ကြီးဖြစ်ပါတယ်။ မစ္စတာ အာဗီရိုးဆိုသူက စတင်တည်ထောင်ခဲ့တာကြောင့် ရိုးကုမ္ပဏီလို့နာမည်ပေးခဲ့ခြင်းဖြစ်ပါတယ်။ ရိုးရဲ့မူလဆိုင်ခန်းကတော့ မဂိုလမ်း(ယခုရွှေဘုံသာလမ်း) မှာ ရှိခဲ့တာဖြစ်ပါတယ်။

အဆောက်အအုံဒီဇိုင်းဆွဲသူကတော့ အိန္ဒိယနိုင်ငံ၊ မွန်ဘိုင်းမှ ချားလ်စတီ ဖြစ်ပြီး တည်ဆောက်သူကတော့ ရော်ဘင်ဆင်နှင့်မန်ဒီကုမ္ပဏီ ဖြစ်ပါတယ်။ ဒီအဆောက်အအုံကြီးမှာ အဲဒီခေတ်က နောက်ဆုံးပေါ် အင်ဂျင်နီယာနည်းပညာတွေကို ထည့်သွင်းဆောက်လုပ်ခဲ့တာဖြစ်ပါတယ်။ အဲဒီအချိန်က ရန်ကုန်မြို့မှာ လျှပ်စစ်မီးကို စတင်အသုံးပြုချိန်ဖြစ်ပေမယ့် ဒီအဆောက်အအုံမှာတော့ လျှပ်စစ်ဓာတ်လှေကားတွေ နဲ့ ပန်ကာတွေကိုပါ ထည့်သွင်းတည်ဆောက်ခဲ့တဲ့အထိ ကြီးကျယ်ခမ်းနားခဲ့ပါတယ်။ မြေအောက်ခန်းတွေပါရှိသလို ရန်ကုန်မှာ သံမဏိဘောင်ကို ပထမဆုံး အသုံးပြုခဲ့တဲ့ အဆောက်အအုံလည်း ဖြစ်ပါတယ်။

ဒီကုန်တိုက်ဟာ မြန်မာနိုင်ငံက ငွေကြေးချမ်းသာသူတွေနဲ့ ဥရောပသားတွေအတွက် အဓိက shopping ထွက်ရာနေရာဖြစ်ပြီး ပစ္စည်းအားလုံးနီးပါးကို ဒီတစ်နေရာတည်းကနေ ဝယ်ယူလို့ ရတယ်လို့သိရပါတယ်။  (၁၉၆၀)ရောက်ချိန်မှာတော့ အစိုးရ ကပြန်လည်သိမ်းယူခဲ့ပြီး (၂၀၀၅)ခုနှစ်မတိုင်ခင်အထိ လူဝင်မှုကြီးကြပ်ရေးရုံးအဖြစ် အသွင်ပြောင်းခဲ့ပါတယ်။ဗြိတိသျှခေတ်က Victorian ဗိသုကာ စတိုင်တည်ဆောက် ထားတဲ့ ဒီအဆောက်အအုံမှာ ပေါင်းမိုးပါတဲ့ ပြတင်းပေါက်တွေအပြင် နာရီစင်ကိုပါတွဲဖက် တည်ဆောက်ထားပါတယ်။

High Court( တရားရုံးချုပ်ဟောင်း)

ရန်ကုန်မြို့ရှိကိုလိုနီခေတ်ကတည်ဆောက်ခဲ့တဲ့ထင်ရှားတဲ့အဆောက်အအုံတွေအနက်မှာ High Court( တရားရုံးချုပ်ဟောင်း)ဟာလည်း တစ်ခုအပါ အဝင်ဖြစ်ပြီး အမှတ်၈၉/၁၃၃ ပန်းဆိုးတန်းလမ်း၊မဟာဗန္ဓုလလမ်းနဲ့ ပန်းဆိုးတန်းလမ်းကြား၊ ကျောက်တံတားမြို့နယ်မှာတည်ရှိပါတယ်။ ဒီအဆောက်အအုံကို (၁၉၀၅)ခုနှစ်က စတင်တည်ဆောက်ခဲ့ပြီး (၁၉၁၁)ခုနှစ်ကဆောက်လုပ်ပြီးစီးကာ (၂၀၀၆)ခုနှစ်မတိုင်ခင်အထိ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ဟာ ယင်းအဆောက်အအုံတွင်းတည်ရှိပါတယ်။

ရန်ကုန်မြို့လယ်ကောင်မှာတည်ရှိတဲ့ High Court( တရားရုံးချုပ်ဟောင်း)ဟာ Queen Anne ခေတ်ကဗိသုကာလက်ရာအတိုင်းတည်ဆောက်ထားပြီး James Ransome အမည်ရတဲ့ ဗိသုကာပညာရှင်က ဒီဇိုင်းပုံစံရေးဆွဲပေးခဲ့တာဖြစ်ပါတယ်။ ထင်ရှားတဲ့အမှတ်အသားအနေနဲ့ကတော့ နာရီစင်ပါရှိပြီးအုတ်နီတွေနဲ့တည်ဆောက် ထားတာဖြစ်ပြီး မြို့တော်ခန်းမအနီး၊ လွတ်လပ်ရေးကျောက်တိုင်နှင့်မဟာဗန္ဓုလပန်းခြံ တို့ရဲ့ မျက်နှာချင်းဆိုင်မှာတည်ရှိနေပါတယ်။

Secretariat(ဝန်ကြီးများရုံး)

Secretariat(ဝန်ကြီးများရုံး)ကိုတော့ (၁၉၀၂)ခုနှစ်ကစတင်ဖွင့်လှစ်ခဲ့ပြီး (၁၉၃၈)ခုနှစ် ကာလအထိတော့ မြန်မာနိုင်ငံရဲ့အုပ်ချုပ်ရေးဆိုင်ရာဗဟိုချက်မနေရာအဖြစ်ရှိခဲ့ပါ တယ်။ ဒါအပြင် (၁၉၄၇ ကနေ ၁၉၄၈)ခုနှစ်အထိလည်း နိုင်ငံရဲ့အုပ်ချုပ်မှုဆိုင်ရာ အဓိက ရုံးတော်အဖြစ်တာဝန်ထမ်းဆောင်ခဲ့ပြီးတည်ဆောက်စဉ်က ကုန်ကျစရိတ်ကတော့ ယင်းကာလကမြန်မာငွေ(၂.၅)သန်းကျပ်လောက်အကုန်အကျခံ တည်ဆောက် ခဲ့တယ်လို့ သိရပါတယ်။ စတင်တည်ဆောက်ချိန်ကတော့ (၁၈၈၉)ခုနှစ်ဖြစ်ပြီး ဗြိတိသျှအစိုးရရဲ့မြန်မာနိုင်ငံအတွင်းအုပ်ချုပ်ရေးလုပ်ငန်းများ စတင်ပြုလုပ်ရာနေရာ၊ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်ခေါင်းဆောင်တွေကျဆုံးခဲ့တဲ့ နေရာ၊ မြန်မာနိုင်ငံရဲ့ ပထမဆုံးသောလွှတ်တော်အဆောက်အအုံ၊လွတ်လပ်ရေးရပြီးမြန်မာနိုင်ငံရဲ့ အလံတော် ကိုပထမဆုံးလွှင့်တင်ခဲ့တဲ့နေရာဖြစ်တာကြောင့်မြန်မာသမိုင်းရဲ့ အထိကရ နေရာ ဆို လည်းမမှားပါဘူး။

Secretariat(ဝန်ကြီးများရုံး)ဟာ ရန်ကုန်မြို့ရှေးဟောင်းအမွေအနှစ် အဆောက်အအုံစာရင်းမှာပါဝင်နေပေမဲ့ ကန့်သတ်ထားတဲ့အဆောက်အအုံအဖြစ် လည်းရှိနေပါတယ်။ရာစုအလယ်ကနေ ကုန်ဆုံးခါနီးကာလအထိနာမည်ကျော်ခဲ့ တဲ့ Victorian architecture စတိုင် အနီရောင်အုတ်တွေကိုအသုံးပြုတည်ဆောက်ထားပြီး Corinthian စတိုင် နံရံအပြင်မှာထုတ်ထားတဲ့လေးထောင့်ပုံ အုတ်တိုင်တွေ၊ ရှေးဂရိခေတ်အဆောက်အအုံတွေကဲ့သို့ ဆင်ဝင်အထက်မှသုံးမြှောင့်ပုံသဏ္ဍာန် အစိတ် အပိုင်း(မြင်းမိုရ်ပိတ်)တွေကြောင့် Secretariat(ဝန်ကြီးများရုံး)ဟာ ကိုလိုနီခေတ်က တည်ဆောက်ခဲ့တဲ့ အဆောက်အအုံအားလုံးအနက်မှာတော့ အထင်ရှားဆုံးလို့ဆိုရပါ မယ်။

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို ကြည့်ရှုရန်  Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပါသည်။