မြန်မာနိုင်ငံ၏ ရာသီ အလိုက် ရိုးရာပွဲတော်များ

တန်ခူးလ (မတ်/ဧပြီ)

တန်ခူးလသည် မြန်မာလများအနက် ပထမဦးဆုံးလဖြစ်ပြီး မတ်လနှင့် ဧပြီလတို့တွင် ကျရောက်လေ့ရှိပါသည်။ မြန်မာ့နှစ်သစ်ကူးပွဲတော် “သင်္ကြန်” အား တန်ခူးလတွင်ကျင်းပပြီး ပုံမှန်အားဖြင့် ဧပြီလ ၁၃ရက်နေ့ သို့မဟုတ် ယင်းနေ့ဝန်းကျင်တွင် ကျရောက်လေ့ရှိပါသည်။ သင်္ကြန်အား တကောင်းခေတ်မှ စတင်ကျင်းပခဲ့ပြီး ပုဂံမင်းဆက်တွင် ပိုမိုထင်ရှားလာခဲ့ပါသည်။ ရေသည် အေးမြခြင်း၊ သန့်ရှင်းစင်ကြယ်ခြင်း၊ အညစ်အကြေးတို့ကိုသန့်ရှင်းစေနိုင်ခြင်းတို့ကို ကိုယ်စားပြုခြင်းကြောင့် နှစ်ဟောင်းမှ အညစ်အကြေးများကိုစွန့်ပစ်ကာ နှစ်သစ်ကိုအေးမြခြင်း စိတ်ချမ်းမြေ့ခြင်းတို့နှင့်  ကြိုဆိုသောအားဖြင့် တစ်ဦးနှင့်တစ်ဦး အတာရေပက်ဖျန်းကာ ကြိုဆိုလေ့ရှိကြသည်။  ရေကစားခြင်းအပြင် နောက်ထပ်ထူးခြားသည့်အကြောင်းအရာမှာ ရှေးယခင်မှစတင်၍ ယခုအချိန်ထိ ပြုလုပ်လာခဲ့ကြသည့် လူကြီးသူမများအားတရော်(ကင်ပွန်း)ဖြင့် ခေါင်းလျှော် (ခေါင်းဆေးမင်္ဂလာ)ပြုလုပ်ပေးခြင်းနှင့် လက်သည်းခြေသည်း ညှပ်ပေးခြင်းဖြစ်ပါသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသည် အရှေ့တောင်အာရှတွင် ယဉ်ကျေးမှုအထွန်းကားဆုံးသော နိုင်ငံတစ်နိုင်ငံဖြစ်ပါသည်။ ရှေးခေတ်မြန်မာတို့၏ ဘာသာရေး၊ လူမှုရေး၊ နိုင်ငံရေး၊ ပညာရေးစသည်တို့ကို အခြေခံ၍ ပေါ်ပေါက်လာသော “ဆယ့်နှစ်လရာသီ ရိုးရာပွဲတော်များ” ကို မြန်မာပြက္ခဒိန်ဖြင့် သတ်မှတ်လေ့ရှိသည်။ အဆိုပါပွဲတော်များသည် မြန်မာလူမျိုးတို့ နှစ်ပေါင်း (၁၀ဝဝ)နီးပါး အစဉ်အဆက်ထိန်းသိမ်းလာခဲ့သော ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းများ မြန်မာနိုင်ငံ၏ ရာသီ အလိုက် ရိုးရာပွဲတော်များ လည်း ဖြစ်သည်။

ကဆုန်လ (ဧပြီ/မေ)

ကဆုန်လသည် မြန်မာလများတွင် ဒုတိယမြောက်လဖြစ်ပြီး ဧပြီလနှင့် မေလတွင် ကျရောက်လေ့ ရှိပါသည်။ဗုဒ္ဓဘာသာဝင်များအလေးအမြတ်ထားသောလတစ်လလည်းဖြစ်ပါသည်။နွေဥတု၏ နောက်ဆုံးလဖြစ်သဖြင့် အပူရှိန် ပိုမိုလွန်ကဲသော လတစ်လလည်း ဖြစ်သည်။

အဆိုပါနေ့တွင် ဗောဓိညောင်ပင်ကို ညောင်ရေသွန်းလောင်း၍ ညောင်ရေသွန်းပွဲတော်ကို ဆင်နွှဲလေ့ရှိကြသည်။ ဗောဓိညောင်ပင်တွင် သဗ္ဗညုတဉာဏ်တော်ရရှိတော်မူခဲ့သော ဗုဒ္ဓမြတ်စွာဘုရားကို ရည်မှန်း အာရုံပြု၍ ပရိဘောဂစေတီထိုက်သော ဗောဓိညောင်ပင်ကို သန့်ရှင်းသောရေစင်ဖြင့် သွန်းလောင်းကြခြင်း ဖြစ်သည်။

နယုန်လ (မေ/ဇွန်)

နယုန်လသည် မြန်မာလများတွင် တတိယလဖြစ်ပြီး မေလနှင့်ဇွန်လတို့တွင် ကျရောက်လေ့ရှိပါသည်။ ဒုတိယအင်းဝမင်းဆက် သာလွန်မင်းတရားကြီး ထီးနန်းစိုးစံစဉ်မှစပြီး သာသနာတော်ပြန့်ပွားရေး အထူးသဖြင့် ပရိယတ္တိသာသနာတော်ပြန့်ပွားရေး ရည်ရွယ်ချက်ဖြင့်  စာပြန်ပွဲကို နယုန်လ၏ ရာသီပွဲတော်အဖြစ်ကျင်းပခဲ့ကြခြင်းဖြစ်ပါသည်။နှစ်စဉ်ထေရဝါဒ ဗုဒ္ဓသာသနာတော်တိုးတက်ပြန့်ပွားရေး အတွက်ဆောင်ရွက်နေကြသည့်ဆရာတော်ကြီးများနှင့်သီလရှင်ဆရာလေးများအား သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်များဆက်ကပ်လျက်ရှိပါသည်။

ဝါဆိုလ (ဇွန်/ဇူလိုင်)

ဝါဆိုလသည် မြန်မာလများတွင် စတုတ္ထမြောက်လဖြစ်ပြီး နွေအကုန် မိုးအကူးကာလဖြစ်သော ဇွန်လနှင့် ဇူလိုင်လများတွင်ကျရောက်လေ့ရှိသည်။ဝါဆိုလ၏ထူးခြားချက်မှာဝါဆိုလပြည့်နေ့မှစ၍ သီတင်းကျွတ်လပြည့်နေ့အထိရဟန်း၊သံဃာတို့သည်သုံးလတိုင်မည်သည့်အရပ်ကိုမျှ ညဉ့်အိပ်သွားရောက်ခြင်းမပြုဘဲ စတင်ပြီး ဝါဆိုဝါကပ်ပြုတော်မူသောလဖြစ်သည်။

ဝါတွင်းကာလတွင်း ရဟန်းသံဃာတော်များ သင်္ကန်းအတွက် မပူပင်ရခြင်း၊ ပရိယတ် ပဋိပတ်စသည့် ရဟန်းအလုပ်များကို ချမ်းချမ်းသာသာလုပ်နိုင်ခြင်း စသည့်အကျိုးများကို ရည်ရွယ်၍ ဝါဆိုလတွင် ထူးခြားမွန်မြတ်သည့် ကုသိုလ်အဖြစ် ဝါဆိုသင်္ကန်းကပ်လှူခြင်းစသည့် ကုသိုလ်ကောင်းမှုများကို ပြုလုပ်ကြပါသည်။ ထို့အပြင် ဗုဒ္ဓဘာသာဝင်လူငယ်လူရွယ်တို့သည် ဝါဆိုလတွင်ဖူးပွင့်ကြသည့် ပန်းများဖြင့် ဘုရားစေတီများတွင်သွားရောက်လှူဒါန်းခြင်း၊ မိမိတို့ အိမ်ဘုရားတွင် ကပ်လှူပူဇော်ခြင်း စသည့်  ကုသိုလ်ကောင်းမှုများကို ပြုလုပ်လေ့ရှိကြပါသည်။

ဝါခေါင်လ (ဇူလိုင်/ သြဂုတ်)

ဝါခေါင်လသည် မြန်မာပြက္ခဒိန်အရ ငါးလမြောက်ဖြစ်ပါသည်။ ဇူလိုင်နှင့် သြဂုတ်လတို့အတွင်း ကျရောက်ပြီး မိုးသည်းထန်စွာရွာသွန်းပြီး မြစ်ချောင်းများတွင် ရေများပြည့်လျှံနေလေ့ရှိသည့် မိုးဥတုဖြစ်ပါသည်။

တော်သလင်းလ (သြဂုတ်-စက်တင်ဘာ)

မြန်မာတို့၏ ဆယ့်နှစ်လရာသီတွင် (၆)လမြောက်သော သြဂုတ်လမှ စက်တင်ဘာလသည် တော်သလင်းလဖြစ်သည်။ ထိုကာလတွင် ကမ္ဘာမြေကြီးသည် နေနှင့်အနီးဆုံးဖြစ်သောအချိန်ဖြစ်ပြီး နေရောင်ခြည်သည်အီကွေတာပေါ်သို့ ကျရောက်သည့် (မြောက်လတ္တီကျု ၁၀ ဒီဂရီ နှင့် ၂၈.၃၂ ဒီဂရီ ကြား) အချိန်ဖြစ်သည်။ ထိုကြောင့် မိုးသားတိမ်လိပ်များသည် ရံဖန်ရန်ခါကင်းစင်သွားတတ်လေ့ရှိသည်။ နေသာပြီး လေငြိမ်သောအချိန်ဖြစ်သောကြောင့် မြစ်ရေပြင်သည် အခြားသောအချိန်များနှင့်မတူဘဲ လှိုင်းလေငြိမ်သက်သော ကာလဖြစ်သည်။ လှေပြိုင်ပွဲကို ကျင်းပသောလဖြစ်ပါသည်။

သီတင်းကျွတ်လ (စက်တင်ဘာ / အောက်တိုဘာ)

မိုးရာသီကုန်ဆုံး၍ သာယာသော သီတင်းကျွတ်လသည် မြန်မာလများအနက် (၇)လမြောက်ဖြစ်ပြီး စက်တင်ဘာလအောက်တိုဘာလတွင်ကျရောက်ပါသည်။ရဟန်းတော်များအတွက်သီတင်းကျွတ်လပြည့်နေ့သည် ရဟန်းတော်များ ဝါကျွတ်သောနေ့၊ အပြစ်ရှိက ဝန်ချတောင်းပန်နိုင်ရန် အချင်းချင်း ဖိတ်ကြားခြင်း အမှုပြုကြသော ပဝါရဏာနေ့ ဖြစ်ပါသည်။ ထိုနေ့တွင် မိမိထက်အသက်ကြီးသူများနှင့် မိဘ၊ ဆရာသမားများကို ဂါဝရပြုကန်တော့၍ အဆုံးအမများကို နာကြားကာ အပြစ်များရှိပါကလည်းကျေစေသည်ဟု ယူဆသော  ဓလေ့လည်းရှိသည်။

တန်ဆောင်မုန်းလ ( အောက်တိုဘာ/နိုဝင်ဘာ)

တန်ဆောင်မုန်းလသည် မြန်မာပြက္ခဒိန်၏ အဌမမြောက်လဖြစ်ပြီး အောက်တိုဘာနှင့် နိုဝင်ဘာလများတွင် ကျရောက်လေ့ရှိကာ ကထိန်ခင်းခြင်း၊ မသိုးသင်္ကန်းကပ်လှုခြင်း၊ ပံ့သကူပစ်ခြင်း၊ ကြာပန်းများ ကပ်လှူခြင်း၊ ဆီမီးထွန်းခြင်း စသည့် ကောင်းမှုကုသိုလ်တို့ ပြုလုပ်သည့် အချိန်လည်းဖြစ်ပါသည်။ သံဃာတော်များအတွက် ကထိန်(ကထိန) သင်္ကန်းကို ယခုကာလတွင် ကပ်လှူလေ့ရှိကြပြီး အများအားဖြင့် စုပေါင်းကပ်လှူလေ့ရှိကြပါသည်။ တန်ဆောင်မုန်း လပြည့်နေ့ည သန်းခေါင်ယံအချိန်တွင် မဲဇလီဖူးသုပ်စားခြင်းသည် ဆေးဖက်ဝင်သည့် အယူအဆအလေ့အထ တစ်ရပ်လည်းရှိပါသည်။

နတ်တော် (နိုဝင်ဘာ/ ဒီဇင်ဘာ)

မြန်မာလများအနက် (၉)လ မြောက်သောလဖြစ်သည့် နတ်တော်လသည် အေးမြသောရာသီဥတုနှင့်အတူ မြူနှင်းများကျလေ့ရှိသည့် နိုဝင်ဘာ-ဒီဇင်ဘာလတွင် ကျရောက်လေ့ရှိပါသည်။ ယနေ့ခေတ်တွင် စာရေးဆရာများ၊ ကဗျာဆရာများ၊ နယ်ပယ်အသီးသီးမှ ဘာသာပြန်ဆရာများအား ၎င်းတို့၏ ပြောင်မြောက်ထူးချွန်မှုများအတွက် စာဆိုတော်နေ့အခမ်းအနားပွဲ၌ နိုင်ငံတော်မှ ချီးမြှင့်သည့် အမျိုးသားဆုတံဆိပ်များကို ပေးအပ်လေ့ရှိပါသည်။

ပြာသိုလ (ဒီဇင်ဘာ – ဇန်နဝါရီ)

မြန်မာလများတွင် (၁၀)လမြောက်ဖြစ်သော ပြာသိုလသည် ဒီဇင်ဘာလမှ ဇန်နဝါရီလအတွင်းဖြစ်ကာ အလွန်အေးသောအချိန်အခါလည်းဖြစ်ပါသည်။ပြာသိုလသည်ရှေးယခင်ကတော်ဝင်မြန်မာ့ တပ်မတော်၏စစ်တပ်အင်အားကိုပြသသောကာလလည်းဖြစ်သည်။ယနေ့ခေတ်အခါတွင်မူ ပြာသိုလတွင် ဘုရားပွဲများကျင်းပလေ့ရှိကြသည်။ထင်ရှားသောပုဂံအာနန္ဒာဘုရားပွဲကိုလည်းပြာသိုလတွင် ကျင်းပပြုလုပ်လျက်ရှိပါသည်။

တပို့တွဲလ (ဇန်နဝါရီ/ဖေဖော်ဝါရီ)

တပို့တွဲလသည် မြန်မာလများတွင် (၁၁) လမြောက်သော လဖြစ်ပြီး အလွန်ချမ်းအေးသည့် ဆောင်းရာသီ၏ နောက်ဆုံးကာလဖြစ်သော ဇန်နဝါရီ နှင့် ဖေဖော်ဝါရီလအတွင်း ကျရောက်လေ့ရှိသည်။ တပို့တွဲလသည် ကောက်ရိတ်သိမ်းချိန်ဖြစ်ပြီး လယ်ယာမြေများမှ ရိတ်သိမ်းရရှိလာသည့် ကောက်ညှင်း၊ နှမ်း၊ နှမ်းဆီ၊ အုန်းသီး၊ မြေပဲ၊ ဂျင်း စသည်တို့ဖြင့် ထမနဲကို စီမံပြုလုပ်ကြပါသည်။ ထမနဲထိုးပွဲကို အများသူငါနှင့် စုပေါင်းပြုလုပ်၍ဖြစ်စေ မိသားစုဆွေမျိုးအပေါင်းအသင်းများနှင့်ဖြစ်စေ ကျင်းပဆင်နွှဲလေ့ရှိပါသည်။ မည်သို့ပင် ကျင်းပသည်ဖြစ်စေ ထမနဲပွဲတော်၏ အဓိပ္ပာယ်မှာ အားလုံးပေါင်းစည်းဆောင်ရွက်ကြခြင်းပင်ဖြစ်သည်။

တပေါင်း (ဖေဖော်ဝါရီ/မတ်)

တပေါင်းလသည် မြန်မာလများထဲတွင် (၁၂)လမြောက်ဖြစ်ပြီး နှစ်တစ်နှစ်၏ နောက်ဆုံးလလည်း ဖြစ်သည်။ပုံမှန်အားဖြင့်ဖေဖော်ဝါရီနှင့်မတ်လအတွင်းကျရောက်လေ့ရှိသည်။ ရှေးမြန်မာဘုရင်များလက်ထက်တွင် သာယာလှပသည့် ဤရာသီအတွင်း ပေါ်ထွန်းလာလေ့ရှိသည့် သဲသောင်ပြင်များပေါ်သို့ နောက်လိုက်အခြံအရံများနှင့် ကြွချီလေ့ရှိပြီး သောင်ခုံသဲပြင်များပေါ်တွင် သဲပုံစေတီများ တည်ထားလေ့ရှိကြသည်။ သဲပုံစေတီတည်ပွဲတော်သည် တပေါင်းလ၏ အထင်ရှားဆုံး အလေ့အထတစ်ခုဖြစ်သည်။သဲသောင်ပြင်များမှရရှိသည့်သဲများကိုဝါးသို့မဟုတ်ကြိမ်ဖြင့်ပြုလုပ်ထားသည့် ပုံဖော်ပြီး တံခွန်များ၊ ပန်းများဖြင့်ကပ်လှုလေ့ရှိသည်။

ကျွန်ုပ်တို့အား Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube တို့တွင်၀င် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပါသည်။